Home
မြန်မာသတင်း
အေအေအဖွဲ့တိုက်ခိုက်မှု နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားနေရပါတယ် - ရဲချုပ်
စိုးမိုးအောင်
·
January 7, 2019
တိုင်းရင်းသားတွေရဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲကင်းစခန်းလေးခုကို အေအေတပ်ဖွဲ့က တိုက်ခိုက်သွားတဲ့အပေါ် နောက်ကျောကိုဓားနဲ့ထိုးသလို စိတ်ထဲခံစားနေရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရဲချုပ်က ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်ရဲကင်းစခန်းတွေကို ဇန်နဝါရီ ၄ ရက် မနက်က အေအေရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကနေ ရဲတပ်ဖွဲ့ထက် သာလွန်တဲ့ လူအင်အားအသုံးပြုပြီး လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရဲအရာရှိတဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်၁၃ဦး ကျဆုံးကာ ၉ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက "အဲဒီစခန်းတွေအားလုံးဟာ ကျနော်တို့ဘူးသီးတောင်မြောက်ပိုင်းမှာရှိတဲ့ မြို၊ ခမီ၊ ဒိုင်နက်၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် အဓိကအလေးထားဆောင်ရွက်ပေးနေတဲ့ စခန်းတွေဖြစ်ပါတယ်။ အဲဒီစခန်းတွေကို အခုလိုတိုက်ခိုက်ခံရပြီးတော့ တိုက်ခိုက်ခြင်းလုပ်ရပ်တွေကတော့ ကျနော်တို့ အတွက်အဓိက နောက်ကျောကိုဓားနဲ့ထိုးသလို စိတ်ထဲမှာခံစားနေရပါတယ်"လို့ ပြောပါတယ်။ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံရေးအင်အားကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ မောင်တောခရိုင်ကို  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီးဦးခင်မောင်တင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့သွားပြီး ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ ပါတယ်။ ဒါ့အပြင်ထိခိုက်ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီ သွားရောက်အားပေးခဲ့သလို ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်းတွေဆီကိုလည်း ထောက်ပံ့ပစ္စည်းတွေကို သွာရောက်ပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024