DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် ငါးဖမ်းပိုက်ဖြုတ်သည့် အင်းသူကြီးကို ရဲကအမှုမဖွင့်
DVB
·
September 13, 2012
Donate to DVB

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်ထဲက ရွာစပ်မှာ ပိုက်ချစားတဲ့ ရွာသားတွေရဲ့ပိုက်ကို အင်းသူကြီးက ဖြုတ်သွားလို့ ရွာသား ၅၀ လောက် ရဲစခန်းမှာ အမှုသွားဖွင့်ရာ ရဲစခန်းက အမှုမဖွင့်ပေးတဲ့အတွက် ဟင်္သာတမြို့ပေါ်ကို ဆက်တက်ဖို့ ပြင်ဆင်နေပါတယ်။

သဖန်းညိုကျေးရွာ၊ ညောင်ပင်စုကျေးရွာနဲ့ ရွာသစ်စုကျေးရွာက ရွာသား ၄၉ ဦးဟာ သူတို့ ပိုက်တွေကို အင်းသူကြီးက ဒီမနက် ဖြုတ်ယူသွားတဲ့အပေါ် အမှုဖွင့်ဖို့ တလုပ်ထော်ရဲစခန်းမှာ တိုင်ချက်ဖွင့်ကြတာပါ။

တလုပ်ထော်ရဲက ရွာသားတွေကို ခေါ်တွေ့ပြီး ပိုက်ဖြုတ်တဲ့နေရာဟာ ဧရာဝတီတိုင်းဒေသကြီး အစိုးရက ၁၄ သိန်းနဲ့ မနှစ်နှစ်ကုန်ပိုင်းလောက်ကမှ ချပေးခဲ့တဲ့ နေရာဖြစ်တာကြောင့် တရားစွဲဆိုလို့ မရဘူးဆိုတာ ရှင်းပြတယ်လို့ ရဲနဲ့ဆွေးနွေးသူတွေထဲက  သဖန်းညိုကျေးရွာသား ကိုမြင့်ကြိုင်က ပြောပါတယ်။

“နိုဝင်ဘာလ ၁၅ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ရက်စွဲပါ စာအမှတ် အေ/၅(လ)/(အ၊င) ၄၉၈၄-၄၉၈၅/ အဲမှာ ကိုငွေရကို ၁၄ သိန်းနဲ့ ပေးလိုက်တယ်လို့ ပြောတယ်။ ဥပမာ အုပ်ချုပ်ရေးမှူးကို ပြောပေါ့။ အုပ်ချုပ်ရေးမှူးက ရွာကိုကြေညာခိုင်းပေါ့။ ၃ ရွာရှိတယ်၊ အဲလိုလည်း မပြောဘူး။”

လုပ်ကိုင်ခွင့်ရတဲ့ ကိုငွေရက အခုလက်ရှိ အင်းသူကြီး ကိုထော်ကို ပြန်လုပ်ကိုင်ခွင့်ချပေးတာ ဖြစ်ပါတယ်။

ရဲနဲ့တွေ့ဆုံရာမှာ ပါတဲ့ သဖန်းညိုရွာသား ဦးချစ်သန်းက “သူက ရေလုပ်ငန်းကနေ အခွန်ချထားပေးတယ် ဒီလိုပြောပါတယ်။ ရေလုပ်ငန်းနဲ့ပတ်သက်ပြီး အခွန်ချထားပေးတဲ့အတွက် အင်းသူကြီးကပဲ ပိုင်ဆိုင်တယ်လို့ ပြောတယ်။ အမှုမဖွင့်ပေးဘူး။”

ဒီအင်းတွေဟာ အရင်တုန်းက ဒေသခံတွေ လွတ်လွတ်လပ်လပ်ရှာစားလို့ရတဲ့ ဘုံစားအင်းဖြစ်ပြီး   တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်လောက်မှာ ထောက်လှမ်းရေးက ငါးမွေးကန်တွေဖော်ပြီး ဂရမ်တွေ ချပေးတဲ့အတွက် နယ်မြေခံတွေဟာ ဝေးလံတဲ့နေရာတွေမှာ ရှာဖွေစားသောက်နေကြရတာပါ။

ဇူလိုင်လ ၂၀ ရက်နေ့ကတော့ ဂရမ်ချပေးတဲ့အင်းတွေကို ဘုံစားအင်းအဖြစ် ပြန်ပြောင်း ရှာစားခွင့်ပေးဖို့ ရွာသား ၁၀၀ ကျော်က မြို့နယ်အာဏာပိုင်တွေနဲ့ ငါးလုပ်ငန်းဦးစီးမှူးထံမှာ တင်ပြပေမယ့် မထူးသေးပါဘူး။

ဘုံစားအင်းဘ၀ကနေ ဂရမ်အင်းကို ချထားတဲ့နှစ်တလျှောက်လုံး ရွာသားတွေ ခက်ခဲပုံကို   ကိုမြင့်ကြိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့ အဲ့နားကရွာလေးတွေ လာကြည့်လို့ရပါတယ်။ တော်တော်ကို ဆင်းရဲပါတယ်။ နာဂစ်တုန်းကတောင် လူ ၆ ယောက် ပါသွားပါတယ်။ အင်းမလုပ်ရတဲ့အတွက် ပင်လယ်ထဲသွားပြီး ငါးရှာစားရတယ်လေ။ အင်းမှာ မလုပ်ရလို့ ပင်လယ်ထဲသွားရှာရင်း နာဂစ်ထဲပါသွားတာ။”
သူတို့ရဲ့ ပိုက်ပြန်လည်ရရှိရေးအတွက် ရဲက အမှုမဖွင့်ပေးတဲ့အတွက် ရွာသားတွေဟာ တလုပ်ထော်ကျေးရွာကနေ ဟင်္သာတမြို့ပေါ်က ငါးလုပ်ငန်း ဦးစီးဌာနရုံးကို သွားရောက် အရေးဆိုဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013