ဘင်္ဂလားဒေ့ရှ်က ခေါင်းချင်းဆက်အမြွှာ ဟန်ဂေရီတွင် ခွဲစိတ်မှုခံယူမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခေါင်းခြင်းဆက် အမြွှာနှစ်ဦးဟာ သူတို့ဘဝကို ပြောင်းလဲသွားစေမယ့် ခွဲစိတ်ကုသမူကိုခံယူဖို့ ဟန်ဂေရီနိုင်ငံကို ဇန်နဝါရီ ၄ ရက်နေ့ညက သွားရောက်ခဲ့ပြီလို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။ ရာဘီယာနဲ့ ရိုကီယာလို့ခေါ်တဲ့ ၂ နှစ်အရွယ် ခေါင်းခြင်းဆက်အမြွှာနှစ်ဦးဟာ သူတို့မိဘနှစ်ပါး၊ ဆရာဝန်ဖြစ်သူတို့နဲ့ ဦးခေါင်းခွဲစိတ်မှုကို ခံယူဖို့ သွားရောက်ကြတာပါ။ သူတို့နှစ်ဦးဟာ ဟန်ဂေရီနိုင်ငံမှာ သုံးလကြာနေထိုင်ရမှာဖြစ်ပြီး သူတို့ကို ဆရာဝန် အယောက် ၂၀ ပါဝင်တဲ့ ခွဲစိတ်အဖွဲ့က အန္တရာယ်များတဲ့ ခွဲစိတ်ကုသမှုပြုလုပ်မှာ ဖြစ်ကာ အောင်မြင်နိုင်ချေကတော့ ၂၀ ရာခိုင်နှုန်း အောက်သာရှိတယ်လို့ ခန့်မှန်းထားပါတယ်။ သတင်းတွေအရ သူတို့နှစ်ဦးဟာ ဟန်ဂေရီနိုင်ငံကို သွားရောက်ခဲ့ပေမယ့် သူတို့ခေါင်းနှစ်လုံးကို ခွဲခြမ်းပေးမယ့် နောက်ဆုံးခွဲစိတ်မှုကိုတော့ ဒါကာဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံမှာ ပြုလုပ်မယ်လို့သိရပါတယ်။ ဒီအမြွှာနှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျောင်းဆရာစုံတွဲဖြစ်တဲ့ ရာဖီကွယ်အစ္စမေးနဲ့ တက်စ်မီလာခါတွန်တို့က မွေးဖွားခဲ့တာပဲဖြစ်ပြီး တခြားကလေးတွေလို လမ်းလျှောက်နိုင်၊ စကားပြောနိုင်စွမ်းရှိတာကြောင့် ဆရာဝန်တွေပါ အံ့သြသင့်ခဲ့ရပါတယ်။ ဒီကလေးနှစ်ဦးက ခေါင်းချင်ဆက်နေပေမယ့် သူတို့တယောက်ချင်းစီမှာ မတူ ညီတဲ့ အမှုအကျင့်တွေ ရှိနေပါတယ်။ ဥပမာပြောရရင် ရိုကီယာက ငိုနေပေမယ့် ရာဘီယာက မငိုတာမျိုးပေါ့လို့ မိခင်ဖြစ်သူက ပြောပါတယ်။ သူတို့နှစ်ဦးခွဲစိတ်မှုအတွက် ကုန်ကျငွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကုန်အကျခံခဲ့တာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကတော့ သူတို့မိသားစုအတွက် လေယာဉ်လက်မှတ် ၆ စောင်ကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ချင်းဆက်စပ်နေတဲ့ ကလေးငယ်တွေကို ကလေးအယောက် ၂ သိန်းမှာမှ တခါတွေ့ရပြီး သူတို့ရဲ့အသက်ရှင်နိုင်စွမ်းကလည်း အလွန်ကိုနည်းပါးပါတယ်။ ကိုယ်တွင်းအင်္ဂါများ မစုံလင်မှု ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကြောင့် ဒီလိုမျိုး ခန္ဓာကိုယ်ချင်း ဆက်စပ်နေသူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ မမွေးခင်ကတည်းကသေဆုံးကြပြီး ၃၃ ရာခိုင်နှုန်းကတော့ မွေးပြီးပြီးခြင်းသေဆုံးလေ့ရှိကြပါတယ်။ ကိုယ်ချင်းဆက်အမြွှာတွေကို ခွဲစိတ်ကုသတာက အလွန်အန္တရာယ်များတဲ့ လုပ် ငန်းစဉ်တခုဖြစ်ပြီး ခွဲစိတ်ပြီး အသက်ရှင်နိုင်ချေကလည်း သူတို့ရဲ့ခြင်းဆက်စပ်နေမှုနဲ့ ကိုယ်တွင်း မျှဝေမှုတွေအပါ် အဓိကမူတည်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up