Home
မြန်မာသတင်း
ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့သည့် အေအေကို တရုတ်က ပြင်းထန်စွာရှုတ်ချ
DVB
·
January 6, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရဲကင်းစခန်း ၄ ခုအား ရက္ခိုင့်တပ်မတော် (အေအေ) ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်သံရုံးက ဇန်န၀ါရီ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေအတွက်လည်း ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းကာကွယ်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံပြီး ပုံသဏ္ဌာန် မျိုးစုံသော အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဘက်အသီးသီးက ကိုယ့်ပြုမူဆောင်ရွက်မှုကို ထိန်းချုပ်ကာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းပြီး ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် အေအေက ရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လ၀က ၁  ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် ၄ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ရဲကင်းစခန်း ၄ ခုအား တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ရက္ခိုင်တပ်မတော် (အေအေ) အဖွဲ့ကို ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေရဲစခန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024