DVB Logo
Home
မြန်မာသတင်း
ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် စီစဉ်မည်ဟု စစ်ကိုင်းတိုင်းအစိုးရ ကတိပြု
DVB
·
September 13, 2012
ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် စီစဉ်မည်ဟု စစ်ကိုင်းတိုင်းအစိုးရ ကတိပြု
Donate to DVB

ပဋိပက္ခဖြစ်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်ပါ့မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို ကတိပြုလိုက်ပါတယ်။

ဦးဂျင်မီ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနေ့ညနေက မုံရွာမြို့မှာ ဆန္ဒပြတဲ့ ၀က်မှေးရွာသူရွာသားတွေ၊  မုံရွာကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး သူတို့သဘောထားတွေ ကို တိုင်းဒေသကြီးအစိုးရထံ တင်ပြရာမှာ သဘောတူညီချက်ရခဲ့တာဖြစ် ပါတယ်။

[caption id="attachment_30727" align="alignleft" width="267" caption="၈၈ မျိုးဆက်ကျောင်းသားများ ၀က်မှေးဒေသခံများနှင့် တွေ့ဆုံနေစဉ်"][/caption]

ဆန္ဒပြသမားတွေနဲ့ ကျောင်းသားတွေက ဖမ်းဆီးထားသူ အကုန်ပြန်လွတ်ဖို့၊  ဆန္ဒပြ လှုပ်ရှားသူတွေကို အရေးမယူဖို့နဲ့ ကြေးနီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အစရှိတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီတောင်းဆိုချက်တွေကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊  တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်အပါအ၀င် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်တို့ကို တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးချက်အပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက “အချက်အလက်တွေ ယူသွားပြီးတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကို သူတို့ပြောတဲ့ အတိုင်း ပြောတယ်။ ထိန်းသိမ်းထားတဲ့သူတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ ထိန်းထားတာဖြစ်တဲ့ အတွက် ပြန်လွှတ်ပေးမယ်ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာဖြစ်တဲ့အတွက် အချိန်တခုယူမယ်ဆိုတယ်။ အချိန်ကိုလည်း မကြာဖို့ အမြန်ဆုံးလုပ်ပေးဖို့ ကျနော်ပြောခဲ့တယ်။ နှစ် အချက်က အခု ပါဝင်ခဲ့တဲ့သူတွေကို တစုံတရာ အရေးမယူဘူး၊ မဖမ်းပါဘူး။ အိမ်ပြန်နေပါ။ စောင့်ကြည့်မှုတောင် မလုပ်ပါဘူးလို့ ပြောတယ်။ သုံး အချက်က သူက တိုင်းဒေသကြီးအဆင့်ပဲဖြစ်တယ်။ ဒီကိစ္စက ပြည်ထောင်စုအဆင့်မှာဖြေရှင်းရမှာဖြစ်လို့ သူ့အနေနဲ့က လုံခြုံရေးနဲ့ အုပ်ချုပ်ရေး တာဝန်ပဲရှိတယ်ပေါ့။ ကျန်တာကတော့ ပြည်ထောင်စု အဆင့်နဲ့ နိုင်ငံတော် သမ္မတ၊ အစိုးရအဖွဲ့မှာ လုပ်မှရမယ် ဆိုပြီး ချုံ့ပြောရရင်တော့ အဲ့အဓိပ္ပာယ် ထွက်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့်လို့ဆိုပြီး ၀က်မှေး ရွာသူရွာသားတွေကို နေခွင့် မပေးတဲ့ ကိစ္စကို ပယ်ဖျက်ပေးပြီး နေခွင့်ပေးဖို့ တောင်းဆိုရာမှာလည်း ခွင့်ပြုခဲ့ကြောင်းလည်း ပြော ပါတယ်။ ဒါ့အပြင် ၀န်ကြီးက ကျေးရွာသားတွေ အစားအသောက်၊ ကျန်းမာရေး အကူအညီလိုအပ်ရင် တင်ပြဖို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိ ချထားတဲ့ လုံခြုံရေးနဲ့ သံဆူးကြိုး ကာထားတာကိုလည်း ဒီမနက်အစောပိုင်းမှာ ရုပ်သိမ်းပေး လိုက်တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

“သံဆူးကြိုးချထားတဲ့ကိစ္စတွေဟာ ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ ဖယ်ပေးပါ၊ လုံခြုံရေး အင်အားတွေကိုလည်း ရုပ်သိမ်းပေးပါတောင်းဆိုတယ်။ ဒီမနက်မှာတော့ အဲဒါတွေ ရုပ်သွားပြီ။ ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးရေး မလွှတ်ပေးရေးကိစ္စကို မကြာခင် ကျနော်သိရနိုင်မယ်ထင်တယ်။ ဒီရက်အတွင်းတော့သိရမယ်၊ ကျနော့်မှာလည်း အချိန် ကန့်သတ်ချက်တွေ ရှိနေတာကိုး။ ကျနော်အဖြေကို ရှင်းရှင်းလင်းလင်းသိချင်တယ်၊ အခုအချိန်ထိ အကောင်းဘက်ကို မျှော်လင့်တယ်၊ စောင့်နေပါတယ်။”

လက်ရှိ အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့  အင်အားသုံးတာမျိုး မလုပ်ဖို့နဲ့ အခွင့်အရေး တောင်းဆိုသူတွေဘက်ကလည်း ထိပ်တိုက်တွေ့တဲ့ ဆန္ဒပြမှုတွေ မလုပ်ဘဲ စေ့စပ် ညှိနှိုင်းဖို့ကို ဦးဂျင်မီက တိုက်တွန်းသွားပါတယ်။

လက်ရှိ ဆန္ဒဖော်ထုတ်မှုမှ အဖမ်းခံရဆဲဖြစ်တဲ့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်နဲ့ ရန်ကုန်က ကိုဝေဠုတို့ ပြန်လည်လွတ်ရေး၊ မလွတ်ရေး ဒီနေ့ အဖြေသိရမယ်လို့ ဦးဂျင်မီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013