ခန္ဓာကိုယ်တွင် အသင်းဂျာစီအတိုင်း နာရီ ၆၀ ကြာတက်တူးထိုး၍ အသင်းချစ်စိတ်ပြသသူ (ရုပ်သံ)

ကမ္ဘာတ၀န်းလုံးက ဘောလုံးပရိသတ်တိုင်းက သူတို့နှစ်သက်တဲ့ ဘောလုံးအသင်းတွေကို အရူးအမူးအားပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် ပီရူးနိုင်ငံက ဘောလုံးပရိသတ်တဦးကတော့ အရူးအမူးဆိုတာ ထက်ကိုပိုပါတယ်။ အကြောင်းကတော့ ဒီအမျိုးသားဟာ သူအားပေးတဲ့အသင်း ဂျာစီပုံစံအတိုင်း သူ့ခန္ဓာကိုယ်မှာ တက်တူးထိုးလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့လကတည်းက နာမည်ကြီးလာခဲ့တာပါ။ သူ့ကို တက်တူးထိုးပေးလိုက်တဲ့ တက်တူးဆရာက နာရီ ၆၀ ကြာ တက်တူးထိုးတဲ့ အချိန်တွေကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ကမ္ဘာတ၀န်းလုံးက အားကစားပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အမည် ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားဟာ သူအားပေးတဲ့ Alianza Lima အသင်းရဲ့ ဂျာစီအတိုင်း အဖြူနဲ့အပြာ ပုံစံကို  ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ်ခဲ့တာဖြစ်ပြီး ကျောဘက်မှာလည်း ပရိသတ်တွေကို ကိုယ်စားပြုတဲ့ နံပါတ် ၁၂ ကို ရေးထိုးထားပါတယ်။ ဒီဖြစ်ရပ်ဟာ ပီရူးနိုင်ငံမှာတင်မဟုတ်ဘဲ တကမ္ဘာလုံးမှာပါ ပြောစရာဖြစ်တဲ့ အကြောင်းအ ရာတခုဖြစ်လာပြီး ဒီအမျိုးသားရဲ့လုပ်ရပ်ကို သဘောကျနေတဲ့လူတွေရှိသလို ဝေဖန် လှောင်ပြောင်နေသူတွေလည်း ရှိပါတယ်။ Alianza Lima အသင်းရဲ့ ဂျာစီအရောင်ဟာ အဖြူနဲ့အပြာရောင် အစင်းကြားပုံစံ ဖြစ်ပြီး ဒီအမျိုးသားက အပြာရောင်ကိုသာ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးကာ အဖြူနေရာကို အသား အရောင်အတိုင်း ထားလိုက်ပါတယ်။ ဒါပေမယ့် အမျိုးသားရဲ့ အသားအရောင်ဟာ အညိုဘက်ရောက်နေတာကြောင့် ဂျာစီအင်္ကျီဟာ အဖြူနဲ့အပြာကြားမဟုတ်ဘဲ အပြာနဲ့ အညိုရောင်ဖြစ်နေတယ်လို့ လှောင်ပြောင် နေကြပါတယ်။ တချို့ကလည်း ဒီလုပ်ရပ်ကို ရူးနှမ်းမှုလို့ ပြောဆိုနေကြပေမယ့် သူ့ကိုထိုးပေးတဲ့ တက်တူးပညာရှင်ကတော့ ဒါဟာ ရူးနှမ်းမှုမဟုတ်ဘဲ မြတ်နိုးမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ Alianza Lima ရဲ့ အမာခံပရိသတ်ကြီးဟာ အင်္ဂလန်မှာနေထိုင်သူဖြစ်ပြီး အားလပ်ရက်ေ မွးရပ်မြေကို ပြန်လာစဉ်မှာ တက်တူးထိုးခဲ့တာပဲဖြစ်ပါတယ်။ နာရီ ၆၀ ကြာမြင့်တဲ့ ဒီတက်တူးထိုးမှုကို ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း အပြီးလုပ်ဆောင်ခဲ့ရတယ်လို့ တက်တူးပညာရှင်ကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up