Home
မြန်မာသတင်း
ဒီမိုကရေစီစံနှင့်မကိုက်သည့် ဖွဲ့စည်းပုံ လွတ်လပ်ရေးနှင့် မထိုက်တန်ဟု အန်အယ်လ်ဒီပြော
DVB
·
January 4, 2019
ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူးလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာ ဇန်န၀ါရီ ၄ ရက်မနက်က ကျင်းပခဲ့တဲ့  ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ သဟဇာတဖြစ်နေရမှာဖြစ်ပြီး သူမနာ ကိုယ်မနာ ညှိနှိုင်းမှုတွေနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်ဖို့ လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်းတွေအပေါ် ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ရေးအင်အားနဲ့ သြဇာအာဏာရရှိဖို့ ဆောင်ရွက်နေတာကို နိဂုံးချုပ်ဖို့လိုအပ်ပြီး ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း လွတ်လပ်ရေးနဲ့မထိုက်တန်ဘူးလို့ ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ မညီသလို လူထုထောက်ခံမှုလည်း မရှိတာကြောင့် လွတ်လပ်ရေးနဲ့မထိုက်တန်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ပြောပါတယ်။ ပြည်ထဲရေးလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးဌာန လက်အောက်မှာထားတာဟာ ဖြစ်သင့်တဲ့ပြောင်းလဲမှုဖြစ်ပြီး တပ်မတော်ကနေ တဖက်သတ်အပစ်ရပ်တာဟာ ကောင်းတဲ့ရလဒ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ အန်အယ်လ်ဒီပါတီက ကျင်းပတဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပထမဆုံးအကြိမ် သ၀ဏ်လွှာ တစောင်ပေးပို့ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးပါက တပ်မတော်ကို ပြည်သူတွေ ပိုပြီးချစ်ခင်လာနိုင်သလို နိုင်ငံကာကွယ်ရေးကို ပိုပြီးလုပ်ဆောင်နိုင်လိမ့်မယ်လို့  အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ဒီမနက် အန်အယ်လ်ဒီအဖွဲ့ချုပ်မှာ ကျင်းပတဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပြီး သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ စိုးမိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024