အာဖဂန်နစ္စတန်အတွက် အိန္ဒိယ၏ အကူအညီပေးမှုအပေါ် ထရမ့် လှောင်ပြောင်

အာဖဂန်နစ္စတန်နိုင်ငံမှာ စာကြည့်တိုက်အတွက် ရန်ပုံငွေထောက်ပံ့ပေးတဲ့ အိန္ဒိယသမ္မတ နရင်ဒြာ မိုဒီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သရော်လှောင်ပြောင်လိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၃ ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးနဲ့ ဆက်စပ် သတင်းစာရှင်းလင်းပွဲအတွင်း အာဖဂန်နစ္စတန်အတွက် အိန္ဒိယရဲ့ အကူအညီကို သရော်လိုက်တာပါ။ ဒီစာကြည့်တိုက်ကို သုံးသူ မရှိဘူးလို့လည်း သူက ပြောပါတယ်။ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှု လျှော့ဖို့ အမေရိကန် အစိုးရကို တွန်းအားပေးတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ခုခံရင်း ထရမ့်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ "မိုဒီနဲ့ အတူရှိချိန်မှာ သူက အာဖဂန်မှာ စာကြည့်တိုက်ဆောက်တဲ့အကြောင်း ပြောခဲ့တယ်။ စာကြည့်တိုက်အတွက် ကျေးဇူးတင်ပါတယ်။ အာဖဂန်မှာ ဒီစာကြည့်တိုက်ကို ဘယ်သူတွေသုံးလဲ ကျနော် မသိဘူးလို့ ပြန်ပြောခဲ့တယ်" လို့ ထရမ့်က ပြောပါတယ်။ ဘယ်စီမံကိန်းကို ထရမ့်က ရည်ညွန်းလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမယ့် အိန္ဒိယအစိုးရကတော့ အာဖဂန်ကို ထောက်ပံ့ရေး အမေရိကန်ဒေါ်လာ ၃ ဘီလျံ သုံးဖို့ ကတိပြုထားပါတယ်။ စီမံကိန်းတွေထဲမှာ မြို့တော် ကဘူးလ်က အထက်တန်းကျောင်း ပြန်တည်ဆောက်ရေးနဲ့ နှစ်စဉ် အာဖဂန်ကျောင်းသား အယောက်တထောင်ကို အိန္ဒိယဆီ ပညာတော်သင်လွှတ်ရေးတွေ ပါပါတယ်။ အာဖဂန်လူငယ်တွေ ခေတ်မီ ပညာရေးနဲ့ သက်မွေးဝမ်းကျောင်းစွမ်းရည် တိုးမြှင့်ရေး အစီအစဉ်တွေကို တိုးမြှင့်ဖို့ မိုဒီက ကတိပြုထားပါတယ်။ အာဖဂန်လွှတ်တော် အဆောက်အဦကို ပြန်တည်ဆောက်ရေး အိန္ဒိယက ဘဏ္ဍာငွေ ထောက်ပံ့ခဲ့ပါတယ်။ တာလီဘန်အစိုးရ လက်ထက်က အာဖဂန်ဟာ အိန္ဒိယဆန့်ကျင်ရေး စစ်သွေးကြွတွေ အကြီးအကျယ် ခိုလှုံခဲ့ဖူးတဲ့ နိုင်ငံပါ။ ဒါကြောင့် အိန္ဒိယဟာ အာဖဂန်က အမေရိကန် စစ်ဆင်ရေးတွေအပေါ် စိတ်အဝင်စားဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up