DVB Logo
Home
မြန်မာသတင်း
Western Union မြန်မာပြည်တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည်
DVB
·
September 12, 2012
Western Union  မြန်မာပြည်တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည်
Donate to DVB

ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ငွေလွှဲကုမ္ပဏီကြီးတခုဖြစ်တဲ့ Western Union ဟာ မြန်မာနိုင်ငံနဲ့ ငွေလွှဲလုပ်ငန်းစတင်ဖို့ မြန်မာ့အရှေ့တိုင်းဘဏ် (အမ်အိုဘီ) နဲ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး  ကမ္ဘာတလွှားမှာ ရောက်နေတဲ့ မြန်မာတွေ စိတ်ချ လျင်မြန်စွာ ငွေလွှဲနိုင်ကြတော့မယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

မကြာသေးခင် သီတင်းပတ်အတွင်းက ရန်ကုန်မှာ သဘောတူလက်မှတ် ရေးထိုး လိုက်တာဖြစ်ပြီး ငွေလွှဲလုပ်ငန်းကတော့ ဒီနှစ်မကုန်ခင် စတင်နိုင်တော့မယ်လို့ Western Union ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စ ပီရာ ဒီလီမာက ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေအတွက် အကျိုးရမှာကတော့ မြန်မာပြည်တွင်းက ပြည်သူတွေအနေနဲ့ ကမ္ဘာ့နေရာ အတော်များများကနေ ငွေပို့ချင်တဲ့ မြန်မာတွေဆီ ကနေ ငွေလက်ခံ ရယူနိုင်တော့မှာပါ။ Western Union ကုမ္ပဏီရဲ့ ငွေလွှဲလုပ်ငန်းဟာ ပိုက်ဆံတွေကို  မိနစ်ပိုင်းအတွင်း လွှဲပြောင်းတာတွေ လုပ်ပါတယ်။ ဒါကြောင့်  လုပ်ငန်းတွေစတာနဲ့ တပြိုင်နက်တည်း ကမ္ဘာတ၀န်းကနေ မြန်မာပြည် ကို ငွေလွှဲချင်သူတွေ Western Union ကနေ ငွေလွှဲနိုင်မှာဖြစ်ပြီး  မိနစ်ပိုင်းအတွင်း ပိုက်ဆံ ရောက်သွားမှာပါ။”

Western Union ရဲ့ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့် ရထားတဲ့ မြန်မာ့အရှေ့တိုင်းဘဏ် (အမ်အိုဘီ)ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်နေတာ ၁၉ နှစ်လောက် ရှိနေပြီဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မုံရွာ စတဲ့ မြို့ကြီးတွေမှာ ဘဏ်ခွဲပေါင်း ၂၀ နီးပါး ဖွင့်လှစ်ထားတာပါ။

ငွေလွှဲလုပ်ငန်းအတွက် ၀န်ထမ်းတွေကို  သင်တန်းပေးထားပြီဖြစ်ပြီး အမြန်ဆုံး လုပ်ငန်း စတင်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာအရှေ့တိုင်းဘဏ်ရဲ့ နိုင်ငံခြား ဘဏ် လုပ်ငန်းဆိုင်ရာ အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ပြောပါတယ်။

“သူက ကမ္ဘာအရပ်ရပ်မှာရှိတဲ့အတွက် မြန်ပါတယ်။ မိနစ်ပိုင်းအတွင်း လွှဲလို့ရမယ်။ အဓိက ဒီဘက်က ဆက်သွယ်ရေးလိုင်းကောင်းရင် စရိတ်အနည်းဆုံး၊ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးရောက်အောင် ၀န်ဆောင်မှုပေးတာ။ ကျနော်တို့ရှိတဲ့ ဘဏ်ခွဲ ၁၉ ခု ရှိတဲ့နေရာတိုင်းမှာ ထုတ်လို့ရပါမယ်။”

မြန်မာ့အရှေ့တိုင်း ဘဏ်ခွဲရှိတဲ့ မြို့တိုင်းမှာ ငွေထုတ်နိုင်မှာဖြစ်ပေ မယ့် မြန်မာ နိုင်ငံကနေတော့ Western Union ကနေတဆင့်  တခြားနိုင်ငံတွေကို ပြန်ပြီး ငွေပြန်လွှဲနိုင် မှာ မဟုတ်သေးဘူးလို့  ဦးသန်းဝင်းက ပြောပါတယ်။

လုပ်ငန်းစတင်ရင်တော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ဥရောပနဲ့ ဩစတြေးလျက သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေပါ မြန်မာနိုင်ငံကို အလွယ်တကူ အမြန် ငွေလွှဲနိုင်တော့မှာပါ။

မြန်မာနိုင်ငံအပေါ် အမေရိကန်၊ အီးယူနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆိုင်းငံ့ထားလိုက်ပြီးနောက်မှာ နိုင်ငံခြားဘဏ်တွေနဲ့ ငွေကြေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင် လာတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်လပိုင်းကလည်း  အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (မြန်မာ) နဲ့ Kasikorn Bank (ထိုင်း)၊ ကမ္ဘောဇဘဏ် (မြန်မာ) နဲ့ Siam Commercial Bank (ထိုင်း) တို့အကြား မြန်မာနိုင်ငံ ကို ငွေလွှဲတဲ့လုပ်ငန်းတွေ စတင်လုပ်ကိုင်နေပါတယ်။

Western Union ကုမ္ပဏီနဲ့ ဆက်စပ်ငွေလွှဲလုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ လောက်မှာ ကိုယ်စားလှယ်ပေါင်း ၅သိန်းကျော်နဲ့ ငွေလွှဲလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပြီး တဦးချင်း ငွေလွှဲမှုပမဏက ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၂၂၆ သန်းရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013