DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ် ဒေါ်ဖြူဖြူသင်း အမှုနိုင်
DVB
·
September 12, 2012
အန်အယ်လ်ဒီအမတ် ဒေါ်ဖြူဖြူသင်း အမှုနိုင်
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဘက်အမတ်လောင်းက တရားစွဲဆိုထားတဲ့အမှုမှာ ဒေါ်ဖြူဖြူသင်း က အနိုင်ရရှိသွားပါတယ်။

ဒီနှစ်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီကိုယ်စားပြု လွှတ်တော် အမတ်လောင်း ဒေါ်ဖြူဖြူသင်းဟာ တရားမဲ့ပြုကျင့်ပြီး အနိုင်ရယူသွားတာ၊ သူ့ကိုသာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါလို့ ယှဉ်ပြိုင်ဘက်  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း ဒေါ်လဲ့လဲ့အေးက ကန့်ကွက်လွှာတင်သွားထားတဲ့ အမှုဖြစ်ပါတယ်။

[caption id="attachment_25655" align="alignleft" width="300" caption="ဒေါ်ဖြူဖြူသင်း"][/caption]

ရွေးကောက်ပွဲရလဒ်မှာ ဒေါ်ဖြူဖြူသင်းက ခိုင်လုံမဲ ၅ သောင်းကျော် ရပြီး ဒေါ်လဲ့လဲ့အေးက ခိုင်လုံမဲ ၅ ထောင်ကျော် ရခဲ့တာပါ။

ဒီအမှုကို ခုံရုံးက ၄ လကြာ စစ်ဆေးပြီးတဲ့နောက် ဒေါ်ဖြူဖြူသင်းဟာ တရားမဲ့ပြုကျင့်လို့ အနိုင်ရခဲ့တာ မဟုတ်ဘဲ တရားမျှတတဲ့ ရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရခဲ့တယ်လို့ ခုံရုံးက စက်တင်ဘာ ၁၁ ရက်နေ့မှာ အပြီးသတ်ဆုံးဖြတ်လိုက်တာပါ။

ဒီဆုံးဖြတ်ချက်ကြောင့် ဒေါ်လဲ့လဲ့အေးက ဒေါ်ဖြူဖြူသင်းကို တရားစရိတ် ကျပ်ငွေ ၅ သိန်း ပေးဆောင်ရ မှာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒေါ်ဖြူဖြူသင်းက “ကျမတို့က တရားမဲ့ ပြုကျင့်လို့ ရတယ်ဆိုတာကို သူတို့ဘက်ကနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို သူတို့ဘက်က သက်သေအနေနဲ့ သူတို့စစ်ပါတယ်။ စစ်တဲ့အခါ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကနေ သူတို့ရဲ့ ထွက်ဆိုချက်တွေမှာ အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ထွက်ဆိုသွားတာရှိတယ်။ ကျန်တဲ့ သက်သေတွေကလည်း ထွက်ဆိုသွားတဲ့အခါ သူတို့စွဲဆိုထားတာ ရှုံးပြီးတော့ ကျမတို့ အမှုကနိုင်ပြီးတော့ အမှုရင်ဆိုင်ကြေး ၅ သိန်းပေးပါဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။”

ဒီဆုံးဖြတ်ချက်ကို ဒေါ်လဲ့လဲ့အေးက မကျေနပ်ရင် အယူခံတက်နိုင်ပါ တယ်။ ကြံ့ခိုင်ရေး ပါတီအမတ်လောင်းကိုသာ အနိုင်ပေးဖို့ ဆုံးဖြတ်ရင် ဒုတိယ ခိုင်လုံမဲ အများဆုံးရရှိတဲ့ ဒေါ်လဲ့လဲ့အေးဟာ အလိုအလျောက် ပြည်သူ့လွှတ်တော် အမတ် ဖြစ်လာဖွယ်ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက ပြည်ခိုင်ဖြိုးပါတီက အလားတူကန့်ကွက် အနိုင်ရဖူးပါတယ်။

ဒေါ်ဖြူဖြူသင်းက ဒေါ်လဲ့လဲ့အေးအပေါ် ပြန်လည်ကန့်ကွက်တဲ့ အပေါ်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးက မတရားလုပ်တာတွေ မတွေ့ရှိရဘူး လို့ ၁ ရက်တည်းမှာပဲ ဆုံးဖြတ်ပေးလိုက်တယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒေါ်ဖြူဖြူသင်းဟာ အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို အခက်အခဲကြားက ကူညီနေသူအဖြစ် ထင်ရှားပြီး အခု ပြည်သူ့လွှတ်တော်အမတ်အဖြစ် လွှတ်တော် တက်ရောက်နေချိန်တွေမှာလည်း အဲဒီအလုပ်တွေကို အထူးတလည် မထိခိုက်ပါဘူး လို့ ပြောပါတယ်။

ဧပြီလဆန်း ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၅ နေရာအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၄၄ နေရာ ၀င်ပြိုင်ရာမှာ ၄၃ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၁ နေရာ၊ ကျားဖြူပါတီက ၁ နေရာ အသီးသီးအနိုင်ရကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013