
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေ၊ မုံရွာကျောင်းသားများသမဂ္ဂနဲ့ အာဏာပိုင်တွေ ဖြစ်ပွားနေတဲ့ ပဋိပက္ခ္ခတွေကို ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ၀င်ရောက် ရှင်းလင်းပေးနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုလဲမြို့နယ် ပြည်သူလွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဒီနေ့ မုံရွာမြို့နယ် အမှတ် ၁ ရဲစခန်းတာဝန်ရှိသူတွေနဲ့ သွားရောက် ဆွေးနွေးခဲ့တာပါ။
[caption id="attachment_30688" align="alignleft" width="300" caption="ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်သူများ တောင်းဆိုစဉ်"]
[/caption]
လက်ပန်းတောင်းတောင် စီမံကိန်းက လယ်ယာမြေ သိမ်းဆည်းထားတဲ့အပေါ်ကို ကန့်ကွက်တဲ့ မသွဲ့သွဲ့ဝင်းတို့ကို ဖမ်းဆီးထားတာ ပြန်လွှတ်ပေးဖို့၊ ဆားလင်းကြီး လက်ပန်းတောင်းတောင် ဒေသ က တောင်သူတွေနဲ့ မုံရွာကျောင်းသားများသမဂ္ဂတို့ စခန်းချနေတဲ့ မုံရွာမြို့ ဘုန်းကြီးကျောင်းဝင်းကနေ ဖယ်ရှားပေးဖို့ အမှတ် ၁ ရဲစခန်းက အမိန့်ထုတ်ပြန်ထားတဲ့ အပေါ်ကို လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကနေ စခန်းမှူးနဲ့ တွေ့ဆုံဆွေနွေးခဲ့တာလို့ ပြောပါတယ်။
လွှတ်တော်အမတ်ဒေါ်ခင်စန်းလှိုင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံဖို့ရှိပြီး တွေ့ဆုံပြီိးတဲ့အထိ မြို့မ ဘုန်းကြီးကျောင်းဝင်းကနေ ဆန္ဒပြသမားတွေကို ဆွဲထုတ်တာနဲ့ ရုန်းရင်းဆန်ခတ် မလုပ်ဖို့ကိုလည်း ရဲစခန်းမှူးဆီက သဘောတူညီချက် ရရှိခဲ့တယ် လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“သဘောတူရင် မလုပ်ပါဘူးတဲ့။ အန်တီတို့ ကျောင်းထဲကလူတွေကို အန်တီတို့ ထိန်းပေးမယ်၊ အကယ်၍ လမ်းပေါ်ကိုလူတွေထွက်လာရင်ရောတဲ့ လမ်းပေါ်ကလူတွေကိုရော တာဝန်ခံနိုင်မလားတဲ့။ လမ်းပေါ်ကလူတွေကိုတော့ တာဝန်မခံနိုင်ဘူး၊ အထဲကလူတွေပဲ တာဝန်ခံနိုင်မယ်။ လမ်းပေါ်ကလူတွေကို ဆရာတို့ဘာသာ ကြည့်ရှင်းပါလို့။ အခုက မြို့ပေါ်က ဘာပြောကြလဲ ဆိုတော့ ဆွေးနွေးနေစဉ်အချိန်အတွင်းမှာ လာမယ့်လူတွေအကုန်လုံးက ဒီအချိန်ကို ရွှေ့ပြီးတော့ ဆိုင်းငံ့ လုပ်ပေးထားပါလို့ အဲလိုပြောထားတယ်။”
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို မုံရွာမြို့ပေါ်မှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ဖြစ်ပွားနေတဲ့ ဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စတွေကို မသိရှိသေးပါဘူးလို့ ရုံးတာဝန်ရှိသူက ပြန်လည်ဖြေကြားသွားပါတယ်။










