Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ကော့သောင်းရှိ ပင်လယ်ပြင် အပန်းဖြေခရီးများ ရပ်နားထားရန်နှိုးဆော်
DVB
·
January 3, 2019
တောင်တရုတ်ပင်လယ် ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်မှာ  ဖြစ်ပေါ်နေတဲ့ ‘ပါဘက်’ အပူပိုင်းမုန်တိုင်းဖြတ်သန်းမယ့် ဇန်န၀ါရီ ၄ ရက်နဲ့ ၅ရက်တို့မှာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ လေပြင်းတိုက်ပြီး မိုးရွာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ပြောပါတယ်။ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးရွာသွန်းနိုင်တယ်လို့လည်း ပြောပါတယ်။ “ကော့သောင်းမြို့မှာ လေတိုက်မယ်၊ မိုးရွာမယ်၊ လေပြင်းတိုက်မယ်၊ လှိုင်းကြီးမယ်၊ ကော့သောင်းနားတ၀ိုက်မှာ အဓိက တနင်္သာရီတိုင်းဒေသကြီးမှာ မိုးရွာမယ်။ မွန်၊ ကရင်မှာ မိုးရွာမှာပေါ့။ လေကတော့ ကော့သောင်းနားမှာဆိုရင် မိုင် ၄၀ လောက် တိုက်နိုင်တာပေါ့။ မြိတ်တို့ ထားဝယ်တို့ဘက်မှာတော့ မိုင် ၃၅၊၃၀၊၃၅ လောက် ရှိမှာပေါ့။” အပူပိုင်းမုန်တိုင်းဟာ ကပ္ပလီပင်လယ်ပြင်ထဲမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တည်ရှိ သွားနိုင်ကြောင်း ခန့်မှန်းထားတယ်လို့လည်း ပြောပါတယ်။ မုန်တိုင်းကြောင့် ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းတွေကို ထွက်ခွာမယ့် အပန်းဖြေခရီးစဉ်တွေကို ဇန်နဝါရီ ၃ ရက်ကစတင် ရပ်နားထားတယ်လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကို ကိုးကားပြီး ဒီကနေ့ ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ပါဘက်မုန်တိုင်းဟာ ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆နာရီခွဲ အချိန်တိုင်းထွာချက် အရ ထိုင်းနိုင်ငံ၊ စူရက်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၉၀ ခန့်အကွာ  ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်ဘက်သို့ ရွေ့လျားနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေပင်လယ်ပြင် မထွက်ကြဖို့ ဒေသခံ အုပ်ချုပ်ရေးဌာနတွေနဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့က အသိပေး နှိုးဆော်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024