Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ကျောင်းသား ၄ ​ဦး ထပ်မံဖမ်းဆီးခံရ
Aung Aung Naing
·
January 2, 2019
မန္တလေး၊ ရတနာပုံတက္ကသိုလ်မှာ လုံခြုံရေးနဲ့ သန့်ရှင်းရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့လို့  ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေ အမြန်​ဆုံး ပြန်လွှတ်ပေးဖို့ ဒီကနေ့ ဆန္ဒပြတဲ့ ဗကသ ကျောင်းသား ၄ ဦး ထပ်မံဖမ်းဆီးခံရပါတယ်။ ဒီကနေ့ ဖမ်းဆီးခံလိုက်ရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုဘုန်းမြင့်ကျော်ပါ ၄ ဦးတို့ဟာ ပုဒ်မ ၄၃၅၊ ၅၀၅(ခ)၊ ၁၁၄၊ ၃၅၃ တွေအပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၁၉ တို့နဲ့ ဝရမ်းထုတ်ခံထားရသူ​တွေ ဖြစ်​ပါတယ်​။ ဖမ်းဆီးခေါ်ဆောင်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘဲ အရပ်ဝတ်တွေနဲ့ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံ ဗကသ ကျောင်းသား ကိုဘုန်းမြင့်ကျော်က ပြောပါတယ်။ “ကျနော်တို့ကို အရပ်ဝတ်နဲ့ လာဖမ်းတာ။ ဘယ်သူဘယ်ဝါမှန်း မသိရဘူး။ လူဆိုးလား လူကောင်းလား မသိရဘူး။ ကျောင်းသားကို သတ်တဲ့လူတွေကျ အခုထိ မဖမ်းမိသေးပဲ၊ ငြိမ်းချမ်းစွာတောင်းဆိုတဲ့ ကျနော်တို့ကို အခုလိုဖမ်းတာ ပြည်သူ့ရဲတဲ့လား။” ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ)မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း နဲ့ ကိုရဲမျိုးဆွေ တို့ကိုလည်း အလားတူအမှုတွေနဲ့ အသီးသီး အမှုဖွင့်ထားပြီး ဒီဇင်ဘာလ ၂၈ ရက်ကတည်းက  ဖမ်းဆီးထားပါတယ်​။ ရတနာပုံတက္ကသိုလ် ဗကသ​ကျောင်းသားတွေအ​နေနဲ့ ကျောင်းမှာ သန့်ရှင်းရေးနဲ့ လုံခြုံရေး ဝန်ထမ်းတွေ တိုးမြှင့်ချထားဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် သက်ဆိုင်ရာက ဖြေရှင်းပေးတာမရှိပါက ဆက်​လက်​​တောင်းဆို ဆန္ဒထုတ်​​ဖော်​သွားမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024