Home
မြန်မာသတင်း
အိပ်မက်အရထီထိုးခဲ့သည့် မွန်ပြည်နယ်လွှတ်တော်ဝန်ထမ်း သိန်း ၁၀၀၀၀ ဆုပေါက်
DVB
·
January 2, 2019
ပြီးခဲ့တဲ့ ၂၂ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း တသောင်းဆုကို မော်လမြိုင်မြို့က မွန်ပြည်နယ် လွှတ်တော်ဝန်ထမ်း အမျိုးသမီးတဦးက ဆွတ်ခူးရရှိပါတယ်။ “င - ၈၂၀၁၃၆” ထီလက်မှတ်နဲ့ ကျပ်သိန်း တသောင်းဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မဆုမြတ်နန္ဒာ ဟာ လက်ရှိမှာ မွန်ပြည်နယ်လွှတ်တော်ရုံးမှာ ရုံးစာပို့ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အမျိုးသားဖြစ်သူ ကိုထွန်းထိုက်ထိုက်ကလည်း အထူးစုံစမ်းစစ်ဆေးရေးဌာန၀န်ထမ်း ဖြစ်ပါတယ်။ အိမ်မက်ပေးလို့ထီထိုးလိုက်တာဖြစ်ပြီး အလှူအတန်းတွေ လုပ်သွားဖို့ ရှိတယ်လို့လည်း သိန်းတသောင်းဆုရှင် ကိုယ်ဝန်ဆောင်မိခင် မဆုမြတ်နန္ဒာက ပြောပါတယ်။ “ထီကပုံမှန် လတိုင်းထိုးတယ်။ ဆယ်တန်းကတည်းက ထိုးလာတာ။ ဆယ်တန်းတုန်းက ဆယ်သိန်းဆု တခါပေါက်ဖူးတယ်။ အခု အသက် ၂၃ နှစ်ရှိပါပြီ။ အခု သိန်း တသောင်းဆုက အိပ်မက်အတိုင်း ထိုးလိုက်တာပါ။ အိပ်မက်ထဲမှာ သမီးအခုထိုးတဲ့နံပါတ်တွေနဲ့ ဆင်တူ  အက္ခရာက “ဃ” နဲ့ သိန်း ငါးထောင်ပေါက်သွားတယ်ပေါ့။ အဲ့ဒီနံပါတ်ကိုရှာတော့ ရွှေတိဂုံဘုရားအရှေ့မှာ တွေ့လို့ ထိုးလိုက်တာ။ ကလေးက အိပ်မက်ပေးတာပါ။ ကိုယ်ဝန် ၂ လရှိပါပြီ။ အလှူအတန်းတွေ လုပ်ဖို့ ရှိတယ်။ အားလုံးလည်း ကံကောင်းကြပါစေ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အကြိမ် (၂၀) နဲ့ (၂၁) ကြိမ် အောင်ဘာလေထီ ကျပ်သိန်းတသောင်းဆုကို တော့ပဲခူးတိုင်းဒေသကြီးက နှစ်လဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ၂၂ ကြိမ်မြောက်ကိုတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိတာ ဖြစ်ပါတယ်။ သတင်း- အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024