လွှတ်တော်အစည်းအဝေးအချိန်ဇယား စစ်ကိုင်းတိုင်းလွှတ်တော်ထုတ်ပြန်
DVB
·
January 2, 2019
လာမယ့် ကာလအတွင်း လွှတ်တော်ကျင်းပမယ့်ရက်တွေကို တိုင်းနဲ့ ပြည်နယ်လွှတ်တော် တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က ပထမဆုံးအနေနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ တိုင်းနဲ့ပြည်နယ် ဘတ်ဂျက် အချိန်ဇယားပေါ် မူတည်ပြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို ကျင်းပဖို့ လျာထားတယ်လို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ စာမှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းလွှတ်တော်ဟာ အစည်းအဝေး ၁၆ ကြိမ် ကျင်းပပြီးပြီ ဖြစ်လို့ ၁၇ ကြိမ်မြောက် အစည်းအဝေးကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်ကနေ မတ်လ ၈ ရက်အထိ ကျင်းပဖို့ လျာထားပါတယ်။
အစည်းအဝေး ၁၂ ကြိမ်စာ ထုတ်ပြန်ထားတာဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာ ၇ ရက်ကနေ ၃၀ ရက်အထိ ၂၈ ကြိမ်မြောက်မှာ ပြီးဆုံးမယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ အစည်းအဝေးတွေ ရပ်နားထားမှာ ဖြစ်ပြီး မတ်လနဲ့ သြဂုတ်လတို့မှာလည်း အစည်းအဝေးတွေ မရှိပါဘူး။
၂၀၂၀ ခုနှစ်ထဲမှာ အထွေထွေရွေးကောက်ပွဲရှိမှာဖြစ်ပြီး အဲဒီ ရွေးကောက်ပွဲအပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာလထဲမှာ အစည်းအဝေး တကြိမ် ကျင်းပပေးနိုင်တယ်လို့လည်း ဆိုပါတယ်။