ဒသမမြောက် ထိုင်းဘုရင် ဘိသိက်ခံမည့်ကာလ ကြေညာ

ထိုင်းနိုင်ငံရဲ့ မဟာချက်ကရီမင်းဆက် နဝမမြောက် ထိုင်းဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ဘုရင့်အရိုက်အရာ တာဝန်ဝတ္တရားတွေကို သားတော်ဖြစ်သူ မဟာဝဇီရာလောင်ကွန်းက ဆက်ခံထားရာမှာ လာမယ့် ၂၀၁၉ မေလကျရင် ဘိသိက်ခံနန်းတက်ပွဲ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က နဝမမြောက်ဘုရင်ကြီး နတ်ရွာစံသွားပြီးတဲ့နောက် ဒသမမြောက်မင်းဆက် ဘိသိက်ခံပွဲကို စောင့်မျှော်လျက်ရှိရာမှာ နန်းတွင်း အမိန့်တော်ပြန်တမ်းအဖွဲ့က လာမယ့် မေလဆန်း ၄ ရက်ကနေ ၆ ရက်ထိ ဓလေ့ရိုးရာ ထုံးတမ်းစဉ်လာအရ ဘုရင်ကြီး ဘိသိက်ခံပွဲ ကျင်းပမယ့်အကြောင်း မနေ့က ထုတ်ပြန်လိုက်တဲ့အတွက် သူတို့အစိုးရအဖွဲ့အနေနဲ့ သမိုင်းဝင် ဘိသိက်ခံပွဲမှာ ပါဝင်ဆောင်ရွက်မယ့် အခွင့်အရေး ရတော့မှာမို့ ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက သတင်းထောက်တွေကို ပြောပါတယ်။ နဝမမြောက် ထိုင်းဘုရင်ကြီး  ဘိသိက်ခံယူပွဲ၊ နန်းတက်ပွဲမှာ ကြီးကျယ်ခမ်းနား အောင်မြင်စွာ ဆောင်ရွက်ပေးဖို့အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနန်းတွင်းဓလေ့ထုံးစံ ဘိသိက်ခံယူမှု အစီအစဉ်အရ ပထမနေ့ (မေလ ၄ ရက်) နေ့မှာ ဘုရင်ကြီးက နန်းတွင်း မှူးမတ်ဗိုလ်ပါနဲ့တကွ ဆွေတော်မျိုးတော်တွေ၊ နိုင်ငံတော်အစိုးရ အဖွဲ့တွေရဲ့ ခစားမှုကို ခံယူပြီး ရာဇပလ္လင်ထိုင် နန်းတက်ခြင်း အခမ်းအနားကျင်းပမှာ ဖြစ်ပါတယ်။ ဒုတိယနေ့ (မေလ ၅ ရက်) မှာတော့ တာဝန်ကျေပွန် ထူးချွန်ပြောင်မြောက်သူ အမှုထမ်း အရာထမ်းများအား ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုလာဘ်ချီးမြှင့်ခြင်း အခမ်းအနားရှိပြီး ဘုရင်ကြီးက လှေနဲ့ တိုင်းခန်းလှည့်လည်မှာ ဖြစ်ပါတယ်။ တတိယနေ့ (မေလ ၆ ရက်) နေ့မှာ ဘုရင်ကြီးဟာ လေသာဆောင်ကနေ တိုင်းသူပြည်သား လူအများတို့ရဲ့ ခစားဖူးမြော် ဂါရဝပြုမှုခံယူပြီး တော်ဝင်ဧည့်ဗိမာန်ကနေ နိုင်ငံခြားသံတမန်တွေ၊ အထူးဖိတ်ကြားထားသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ နန်းတွင်းကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီလို နန်းတက်ပွဲမှာ ထောင်တွင်းအကျဉ်းကျသူတချို့ကို စိစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေလည်း ပေးလေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up