DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် တောင်သူ ၁၂ ဦးထဲက ၉ ဦး လွတ်မြောက်
DVB
·
September 11, 2012
ဖမ်းဆီးခံထားရသည့် တောင်သူ ၁၂ ဦးထဲက ၉ ဦး လွတ်မြောက်
Donate to DVB

မုံရွာမြို့ နန်းချွန်မြစ်ဆိပ်မှာ အဖမ်းခံရတဲ့ လက်ပန်းတောင်းတောင် ဒေသက တောင်သူတချို့ လွတ်မြောက်ခဲ့ပြီး တချို့လည်း ဆက်လက် ထိန်းသိမ်းထားပါတယ်။

မနေ့က မုံရွာမြို့ ဆုတောင်းပြည့်ဘုရားက ပြန်လာတဲ့ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ဒေသက တောင်သူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးတောင်သူတွေဟာ တပ်မတော်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီက သိမ်းထားတဲ့ ဒေသက ရွာသားတွေ ဖြစ်ပြီး ဆန္ဒပြပွဲတွေ လအတန်ကြာအောင် ဖြစ်နေကြတာပါ။

အဖမ်းခံရထားသူတွေထဲက ဆားလင်းကြီးမြို့နယ် ရွှေလှေရွာက ၇ ဦးကို အရင်လွှတ်ပေးလိုက်ပြီး ၀က်မှေးရွာက မမိဆွေ၊ မစန်းစန်းလှတို့ ၂ ဦးကိုတော့ ဒီနေ့ မနက် ၁ နာရီလောက်မှာ လွှတ်ပေးခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ၀က်မှေးရွာသူ မမိဆွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲက ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်နဲ့ မဖြူဖြူဝင်းတို့ကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေမှာ အမှတ် ၁ ရဲစခန်းကနေ ခေါ်ထုတ်ပြီး တခြားကို ပို့ပေးခဲ့တယ်လို့ မမိဆွေက ပြောပါတယ်။

အမှတ် ၁ ရဲစခန်းမှာ အဖမ်းခံရစဉ်မှာ မသွဲ့သွဲ့ဝင်းတို့ကိုပါ လွှတ်ပေးဖို့ ပြောဆိုတဲ့အတွက် ရဲတပ်သားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ လွတ်မြောက်လာတဲ့ မမိဆွေက ပြောပြပါတယ်။

“ကျမတို့က မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းမပါရင် မပြန်ဘူးပြောတော့ ရဲနဲ့ ရဲမေတယောက်က အခန်းထဲပို့ပြီး ဆံပင်တွေလည်း ဆွဲဆောင့်တယ်။ ခါးတွေ၊ လက်တွေ လိမ်ချိုးပြီး တွန်းချတယ်။ မသွဲ့သွဲ့ဝင်းတို့ကိုလည်း ကားကြီးနဲ့ ဘယ်လဲမသိဘူး ခေါ်သွားတယ်။”

ဆက်လက် အဖမ်းခံထားရတဲ့ ၀က်မှေးရွာက မသွဲ့သွဲ့ဝင်းတို့ သုံးဦးလွတ်မြောက်ဖို့ ဆန္ဒပြမှာကို စိုးရိမ်တဲ့အတွက် မုံရွာမြို့မှာလည်း ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး အမှတ် ၁ ရဲစခန်း သွားရာလမ်းတွေကိုလည်း သံဆူးကြိုးချပြီး ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က အဖမ်းခံရသူတွေကို လွှတ်ပေးဖို့ မြို့တွင်းလှည့်လည် ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်တဲ့ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂက ခေါင်းဆောင်တွေရဲ့ အိမ်တွေကိုလည်း နယ်မြေခံ ရဲတပ်ဖွဲ့က ရှာဖွေခဲ့တယ်လို့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျနော့်အိမ်၊ ကိုနွေဦးကိုအိမ်၊ ကိုထင်ရှားအိမ် အရှာခံရတယ်။ ကိုဟိန်းဇော်ဝင်း အိမ်တွေ ရှာခံရတယ်။”

မသွဲ့သွဲ့ဝင်းတို့ အဖမ်းခံရတာနဲ့ ပတ်သတ်ပြီး မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒီနေ့မှာလည်း အဖမ်းခံထားရတဲ့ မသွဲ့သွဲ့ဝင်းတို့ ၃ ဦး လွတ်မြောက်ရေးအတွက် အမှတ် ၁ ရဲစခန်းရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်လို့ ကြားသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013