DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးနေရာပျောက်ပြီး နေအိမ်ပြောင်းရွှေ့ရ
DVB
·
September 11, 2012
Donate to DVB

ဧရာဝတီမြစ်ကြောင်းရေပြောင်းပြီး ရေတိုက်စားမှုကြောင့် မကွေးတိုင်း ရေနံချောင်းမြို့နယ် မှာ ကျေးရွာ ၁၀ ရွာလောက် ရေတိုက်စားမှုကြောင့် စိုက်ပျိုးမြေနေရာ ပျောက်ဆုံးသွားရတဲ့ အပြင် နေအိမ်တွေမှာ ပြောင်းရွှေ့နေရပါတယ်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေနံချောင်းမြို့နယ် ကန်သာ၊ ထနောင်းကုန်း၊ မိန်းမလှကျွန်း၊ ဖရဲကျွန်းနဲ့ ပင်းဝကျွန်းတွေမှာ ကမ်းတွေပြိုပြီး အိမ်တွေပြောင်းရွှေ့ကြရတယ် လို့ ရေနံချောင်း မြို့နယ်အဖွဲ့ချုပ်ဝင် ဦးသန်းအောင်က ပြောပါတယ်။

ဦးသန်းအောင်က “ကန်သာ၊ ထနောင်းကုန်း၊ မိန်းမလှကျွန်း၊ မြစ်ဝကျွန်း အဲဒီရွာတွေမှာ ကမ်းတွေပြိုလို့ အိမ်တွေ ရွှေ့နေရတယ်။ စိုက်ပျိုးမြေတွေပါ ပါသွားတော့ တောင်သူတွေ အခက်အခဲ ဖြစ်နေကြတယ်။ ဖရဲကျွန်းရွာမှာဆိုရင် တရွာလုံးမှာရှိတဲ့ စိုက်ပျိုးဧက အားလုံးနီးပါး ပါသွားပြီ။”

ဒါ့အပြင် ညောင်ပင်သာ၊ ရွာသစ်ကလေးနဲ့ ထိန်ကျောင်း ကျေးရွာတွေမှာဆိုရင် အိမ်တွေ အားလုံး ရွှေ့ပြီးတည်ဆောက်ရတဲ့ အနေအထားဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ တချို့ရွာတွေဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ရေတိုက်စားမှုဒဏ်ကို ခံနေရတာဖြစ်ပြီး ဒီနှစ်မှာတော့ ကန်သာ၊ မိန်းမလှကျွန်း၊ ထနောင်းကုန်းနဲ့ ဒဏ်ကုန်းရွာ တိုက်စားခံရတဲ့အတွက် နေအိမ်တွေကို ပြောင်းရွှေ့ရတဲ့ အခက်အခဲရှိနေတယ်လို့လည်း သူက ပြောပါတယ်။

“ညောင်ပင်သာတို့ ဘက်မှာတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ဖြစ်နေတာ။ အခု ဖြစ်နေတာက ကန်သာ၊ မိန်းမလှကျွန်း၊ ထနောင်းကုန်း၊ ဒဏ်ကုန်းရွာတွေပါ။ နီးစပ်ရာ ကုန်းမြေပေါ်ကို ရွှေ့ရတာပေါ့။ အာဏာပိုင်တွေက တစုံတရာကူညီတာ၊ လာရောက်ကြည့်ရှုတာ၊ ၀ိုင်းဝန်းကူညီတာတွေ မရှိဘူး။ အခက်အခဲတွေ အများကြီးရှိတယ်။ တောင်သူတွေက နှစ်စဉ် သီးနှံအထွက်မကောင်းတာ၊ သီးနှံဈေး မကောင်းတာတွေ ဖြစ်နေတော့ စီးပွားရေးက ကျဆင်းပြီးသား ဖြစ်နေရတဲ့ အထဲ ရွှေ့ပြောင်းရတော့ စရိတ်တွေလည်း မတတ်နိုင်ကြဘူးပေါ့ဗျာ။ အလွန်အမင်းကို ဒုက္ခဖြစ်နေကြပါတယ်။”

အဆိုပါ ဒေသကံ ရွာသားတွေဟာ ကိုင်းလုပ်ပြီး ကြက်သွန်၊ အာလူး၊ မြေပဲ အစရှိတဲ့ သီးနှံတွေကို စိုက်ပျိုးပြီး အသက်မွေး ၀မ်းကြောင်းပြုနေကြရပါတယ်။

ဒီမြစ်ရေတိုက်ပြီး စိုက်ပျိုးမြေပျောက်သွားတဲ့အတွက် ရှိတဲ့ တောင်ပေါ်မြေလေးမှာ လုပ်ကိုင်စားသောက်ကြသူတွေ ရှိသလို တချို့ကတော့ တခြား အလုပ်အကိုင်ရှိတဲ့ ဒေသတွေဆီကို သွားရောက်ပြီး ၀မ်းရေး ဖြေရှင်းနေကြရတယ်လို့ ဦးသန်းအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013