၂၃၄ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးသည့်နေ့ စစ်တွေမြို့တွင်ကျင်းပ
DVB
·
January 1, 2019
၂၃၄ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ရုံးမှာ ဒီဇင်ဘာ ၃၁ ရက်က ကျင်းပပါတယ်။
ဒီအခမ်းအနားကို စစ်တွေမြို့က သံဃာတွေ၊ ရခိုင်ပြည်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေနဲ့ ကျောင်းသူကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။
ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့ အထိမ်းအမှတ်ပွဲတွေကို ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် အနှံ့အပြားက မြို့နယ်တွေ၊ ကျေးရွာတွေ အသီးသီးမှာ ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ကျင်းပတာ မရှိသလောက် နည်းပါးသွားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၆ ရက်က မြောက်ဦးမြို့နယ်မှာ ကျင်းပတဲ့ ၂၃၃ နှစ်မြောက် ရ ရခိုင်ဘုရင်နိုင်ငံ အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအခမ်းအနားကို အာဏာပိုင်တွေ တားမြစ်ရာမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ရာမှာ ၇ ဦးသေဆုံး အမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း - ဝဏ္ဏခွာညို