အကျဉ်းထောင်တွေထဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က သမ္မတထံ ဒီနေ့စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ လထဲ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ လုပ်ငန်းကော်မတီအသစ်ရဲ့ လုပ်ငန်းတွေကို ရှင်းပြခဲ့ပါတယ်။
ကော်မတီကဆောင်ရွက်သွားမယ့် လုပ်ငန်း ၂ ခုရှိပြီး နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက် မရှိ ပြန်လည်လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ကူညီထောက်ပံ့ရေး တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆို ရှင်းပြခဲ့ပါတယ်။ သူတို့ဖွင့်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာကို ဦးထွန်းကြည် ပြောပြတာက
“အဓိကထားပြီး ဖွဲ့တာက ၂ ချက်ပေါ့။ တချက်က တိုင်းပြည်ရဲ့ အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ၃၀၀၀ ကျော်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုတယ်။ နောက်တချက်က အကြောင်းကြောင်းကြောင့် ပြည်ပကိုရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပြည်တွင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်ဝင်လာနိုင်ဖို့အတွက်ကိုလည်း သမ္မတကြီးအနေနဲ့ စီစဉ်ပေးပါဆိုပြီး အဲ့ အပိုင်း ၂ ပိုင်းကိုတော့ မီးမောင်းထိုးပြပြီး သမ္မတဆီ စာပို့လိုက်တယ်။”
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလထဲ ဖွဲ့စည်းခဲ့ပြီး၊ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အကျဉ်းသား မိသားစုတွေကို ထောက်ပံ့ကူညီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။










