DVB Logo
Home
မြန်မာသတင်း
စီးပွားရေးတခုတည်းမကြည့်ရန် အိန္ဒိယအမတ်များကို ၈၈ တိုက်တွန်း
DVB
·
September 11, 2012
စီးပွားရေးတခုတည်းမကြည့်ရန် အိန္ဒိယအမတ်များကို ၈၈ တိုက်တွန်း
Donate to DVB

ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီးနိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံပေါ် ဆက်ဆံတဲ့အခါ စီးပွားရေးအရ အကျိုးအမြတ် တခုတည်းကြည့်ပြီး မဆက်ဆံဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေက အိန္ဒိယ လွှတ်တော်အမတ်တွေကို ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်တွေက လွှတ်တော်အမတ် ၆ ဦး ပါဝင်တဲ့အဖွဲ့က ဒီနေ့ နေ့လယ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်မြို့ ဝေဇယန္တာ လမ်းပေါ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရုံးမှာ တွေ့ဆုံခဲ့ရာမှာ အခုလို ပြောကြားခဲ့တာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ကျနော်တို့က ပွင့်ပွင့်လင်းလင်းပဲပြော ပါတယ်။ စီးပွားရေးအကျိုးအမြတ်တခုတည်းကိုပဲ ဘယ်သောအခါမှ မကြည့်ပါနဲ့။ ဒါဟာ ကာလတို အကျိုးစီးပွားပဲဖြစ်ပါလိမ့်မယ်။ တိုင်းပြည်တပြည်နဲ့ တပြည် ဆက်ဆံရေးဟာ ပြည်သူတွေရဲ့ ဆက်ဆံရေးပဲဖြစ်သင့်တယ်။ နှစ်နိုင်ငံပြည်သူတွေသာလျှင် ထာဝရဖြစ်တယ်။ အုပ်စိုးသူ အစိုးရဆိုတာက တဒင်္ဂ ကိစ္စတွေဖြစ် တယ်။ ဒါကြောင့်မို့ နှစ်နိုင်ငံပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန် သစ္စာရှိမှု၊ တဦးနဲ့ တဦး ကူညီနိုင်မှု၊ ဒီမိုကရေစီ မြန်မာနိုင်ငံက တည်ဆောက်နေပြီဆိုရင် အိန္ဒိယက တကယ် စိတ်ရောကိုယ်ပါ ကူညီမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် စီးပွားရေးအရ အကျိုးအမြတ် တခုတည်းကိုကြည့်ပြီး လက်ဦးမှုယူတာမျိုးထက် ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ ပိုပြီး အာရုံစိုက်သင့်တယ်ဆိုတဲ့ အချက်လေးကိုပါ ကျနော်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

အဆိုပါအဖွဲအနေနဲ့ မြန်မာ့နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအပြောင်းအလဲအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားကို မေးမြန်းသွားခဲ့ကြပြီး သူတို့ရဲ့အမြင် တွေကိုလည်း ပြောဆို သွားခဲ့ကြပါတယ်။

လာရောက် တွေ့ဆုံတဲ့ အိန္ဒိယလွှတ်တော်အမတ် ၆ ဦးထဲမှာ ယခင် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း နဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းအဖြစ် တာဝန်ယူခဲ့ဖူးသူ ၂ ဦးတို့လည်း ပါဝင်ပါတယ်။

အရင်အိန္ဒိယအစိုးရလက်ထက်က မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံခဲ့ပြီး အခုအစိုးရလက်ထက် မှာ မထောက်ခံတော့တဲ့အခြေအနေတွေကိုလည်း အိန္ဒိယ လွှတ်တော်အမတ်တွေ ကို မေးမြန်းခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက ပြောပါတယ်။

“သူတို့က အိန္ဒိယမှာ လူဦးရေ သန်း ၁၂၀၀ ရှိတဲ့အကြောင်း၊ တဖက်မှာလည်း တရုတ်အစိုးရ ရှိတယ်ဆိုတဲ့အကြောင်း ရှင်းပြတာပေါ့။ ကျနော်တို့က တခုပဲ သတ်မှတ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ ဒီမိုကရေစီနိုင်ငံတခုပါ။ မြန်မာပြည်ကို ကြည့်တဲ့အခါ စီးပွားရေး မျက်လုံးနဲ့ မကြည့်ဘဲနဲ့ ဒီမိုကရေစီမျက်လုံးနဲ့ ကြည့်ပါလို့ ကျနော်တို့ အကြံပေးလိုက်ပါတယ်။”

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲမှာ စစ်တပ်ရဲ့ ဒီမိုကရေစီအပေါ် သဘောထားပုံကိုလည်း အိန္ဒိယနိုင်ငံရဲ့စစ်တပ်နဲ့နှိုင်းယှဉ်ပြီး ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

“သဘောထားအမြင်တွေ ဖလှယ်ကြတာပေါ့။ အိန္ဒိယအစိုးရရဲ့ သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ သဘောထားတွေ သိရတယ်။ ကျနော်တို့နဲ့ သူတို့ အရင်တုန်းက တူခဲ့တာက ပါလီမန်ဒီမိုကရေစီ ခေါ်တယ်။ ရွေးကောက်ပွဲပြီးတာနဲ့ အနိုင်ရတာ ၅၀ ရာခိုင်နှုန်းကျော်ရင် အစိုးရဖွဲ့လို့ရတယ်။ ကျနော်တို့ဖွဲ့စည်းပုံက သိတဲ့အတိုင်း စစ်တပ်ကို အသာစီးပေးထားတယ်၊ ကွဲပြားခြားနားမှုတွေရှိတယ်။ အရင် ၁၉၆၂ ခုနှစ်ထိကတော့ အိန္ဒိယနဲ့ ကျနော်တို့တိုင်းပြည်က တော်တော်လေးကို ဆင်ပါတယ်။ သာမန်ပြည်သူတွေထိကို ဆင်တယ်ပြောပါတယ်။ သူတို့က ဆက်ပြီး ဒီမိုကရေစီကို လေးစားလိုက်နာတဲ့ တပ်မတော်ကို ရသွားတော့ ကံကောင်းသွားတာပေါ့။ ကျနော်တို့ဆီမှာ ပြုပြင်ပြောင်းလဲရမယ့်အချက်တွေက တပ်မတော်သားတွေ ကိုယ်တိုင်ကိုက ဒီမိုကရေစီကို လိုက်နာရမယ်၊ လေးစားရမယ်။ အိန္ဒိယနဲ့ ဆွေးနွေးတဲ့အခါ အိန္ဒိယရဲ့ တပ်မတော်ဟာ ဒီမိုကရေစီနိုင်ငံတိုင်းအတွက် စံပြတပ်မတော်၊ ဒီမိုကရေစီကို လေးစားလိုက်နာတဲ့ တပ်မတော်ဖြစ်တယ်။”

၈၈ မျိုးဆက်ကျောင်းသားတွေကို အခုလအတွင်း အမေရိကန်သံအမတ် ဒဲရက်ခ်မစ်ချယ်အပါအ၀င် ဂျပန်သံအမတ်နဲ့ ပြင်သစ်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တို့လည်း လာရောက်တွေ့ဆုံ သွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013