မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ
DVB
·
September 11, 2012

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးငယ် ၄၂ ဦးကို ထိုင်းရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။
ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရပြီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ဆက်သွယ် တောင်းဆိုလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှာ အဲဒီ ဘန်ဂလိုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဘန်ဂလိုမှာ မှန်ခန်းထဲထည့်ထားတဲ့ မိန်းကလေး ၄၂ ဦးကို တွေ့ရပြီး သူတို့ကို ပြည့်တန်ဆာ လုပ်ခိုင်းကြောင်း မိန်းကလေးတွေက ပြောပါတယ်။ ၄၂ ဦးမှာ အသက် ၁၈ နှစ်အောက်က ၁၄ ဦးပါဝင်တယ်။ အဲဒီထဲမှာ ၁၅ နှစ်အောက်က ၄ ဦး၊ အသက် ၁၂ နှစ်ရွယ် မိန်းကလေး ၁ ဦးပါဝင်ပြီး အားလုံး မြန်မာနိုင်ငံက လာတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ဂလိုပိုင်ရှင် နိုင်းဥဒုမ်း ဆပ်ဖစ်ယူ ၃၂ နှစ်၊ နိုင်းဝုန်းဆထောင်းန် ၅၂ နှစ် နဲ့ နန်းဆောဝ်ဆကွန်းတလာ ၄၆ နှစ်တို့ကို လူကုန်ကူးမှု၊ အလိုမတူဘဲ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု၊ အသက်မပြည့်တဲ့ မိန်းကလေးကို ခြိမ်းခြောက် ခိုင်းစေမှုတွေနဲ့ ဆက်လက် အရေးယူသွားမယ်လို့ မှုခင်းနှိမ်နင်းရေးက ဒုဗိုလ်မှူးကြီး ၀ချရဖွန်းထောင်းန်လွန်းက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။
