DVB Logo
Home
မြန်မာသတင်း
ထိုးစစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးရန် ကေအန်ပီပီနှင့် ၈၈ ပူးတွဲတောင်းဆို
DVB
·
September 11, 2012
ထိုးစစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးရန် ကေအန်ပီပီနှင့် ၈၈ ပူးတွဲတောင်းဆို
Donate to DVB

ကချင်ပြည်နယ်မှာ အစိုးရက စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အဓိပာယ် ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေ အမြန်ဆုံးဆောင်ရွက်ဖို့ ၈၈ မျိုးဆက်ကျောင်သားများနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့က ပူးတွဲတောင်းဆို လိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မှာ ကေအန်ပီပီပါတီဗဟိုကော်မတီဝင်၊ ဆက်ဆံရေးတာဝန်ခံ ခူဒယ်နီရယ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးမြအေးဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ ဒီနေ့ ဆွေးနွေးခဲ့ပြီးနောက် ပူးတွဲထုတ်ပြန်လိုက်တာပါ။

[caption id="attachment_30635" align="alignright" width="300" caption="ကေအန်ပီပီနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဆွေးနွေးစဉ်"][/caption]

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက “ကေအန်ပီပီ ကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ကျနော်တို့ကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ကေအန်ပီပီ ကိုယ်တိုင်ကလည်း အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ အခုက ကချင်ပြည်နယ်မှာ အစိုးရဘက်က ထိုးစစ်တွေက ရပ်ဆိုင်းသွားတာမရှိဘူး။ ဖားကန့်-မိုးကောင်းလမ်းမှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်။ ဒုက္ခသည်တွေလည်းများနေတယ်။ ဒီစစ်ကြီးကဘယ်လောက်သက်တမ်း ရှည်ကြာမှာလဲ၊ ညီအစ်ကိုအချင်းချင်းစစ်က ဘယ်လောက် သတ်ကြဖြတ်ကြမှာလဲ။ ဒါကတော့ အားလုံး ဘယ်သူမှ မလိုချင်ဘူး။ အဲတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့အတွက်ကို ကြိုးပမ်းဆောင်ရွက်သင့်တယ်။ ထိုးစစ်တွေ ရပ်ဆိုင်းပါ။ နှစ်ဖက်တပ်တွေရွှေ့ပါ။ ဆွေးနွေးပါ။ ဒါကို အကြိမ်ကြိမ်ပြောတဲ့ အခါ ကေအန်ပီပီနဲ့တွဲပြီး ပြောခြင်းဖြစ်တယ်။ ကချင်ပြည်သူတွေ ကိုယ်စား ကိုယ်ချင်းစာနာတဲ့ အတွက် ပြောခြင်းဖြစ်တယ်”  လို့ ဆိုပါတယ်။

ကေအန်ပီပီ ဗဟိုကော်မတီ ခူဒယ်နီရယ်က “ငြိမ်းချမ်းရေးဆိုတာကို အခြေခံပြီးပြောတာပါ။ ကျနော်တို့ဆွေးနွေးချက်ထဲမှာလည်း ပါတယ်။ တတိုင်းပြည်လုံးအပစ်ခတ် ရပ်စဲရေး လုပ်မှသာလျှင် ငြိမ်းချမ်းရေးရမယ်။ ကေအန်ပီပီရဲ့ သဘောထားလည်း အဲလိုရှိပါတယ်၊ ဒါကိုတိုက်တွန်းခြင်းဖြစ်ပါတယ်။ စစ်ပွဲတွေရပ်ပြီးမှသာလျှင် နိုင်ငံရေးပဋိပက္ခတွေပြီးဆုံးပြီး နိုင်ငံရေးဆွေးနွေးပွဲ သွားနိုင်မယ်။ စစ်ဆင်ရေးတွေ ရပ်တန့်မယ်၊ အစိုးရနဲ့ အပစ်အခတ်ရပ်မယ်ဆိုရင် နိုင်ငံရေးလမ်းကြောင်းကို တက်လို့ရတာပေါ့။”

ကယားပြည်နယ် လွိုင်ကော်မြို့က ကေအန်ပီပီ ဆက်ဆံရေးရုံးမှာ   ၃ နာရီခန့်ကြာ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပြီး ထုတ်ပြန်ချက်ထဲမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို အာမခံချက်ပေးသည့် တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လက်တွဲကြိုးပမ်းသွားကြမယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ကေအန်ပီပီဘက်က ၃ ဦးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဘက်က ၅ ဦး တက်ရောက်ဆွေးနွေးကြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီကနေ ဦးဆောင်ဆွေးနွေးတဲ့ ပါတီဗဟိုကော်မတီဝင် ခူဒယ်နီရယ်နဲ့ မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013