Home
မြန်မာသတင်း
ကားဝယ်ယူမှုကိစ္စ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌကို အန်အယ်လ်ဒီ ခေါ်ယူစစ်ဆေး
DVB
·
December 30, 2018
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ ကား ၅ စီး ဝယ်ယူခဲ့တာမှာ အလွဲသုံးစားရှိခဲ့တယ်ဆိုပြီး တိုင်ကြားခံရတာကြောင့် အန်အယ်လ်ဒီပါတီဗဟိုကနေ ခေါ်ယူမေးမြန်းခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောပါတယ်။ “ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းကတော့ ကျနော်တို့ကို ပါတီဗဟိုကနေ ခေါ်ယူမေးမြန်းခဲ့တာရှိတယ်။ ကျနော်တို့ လွှတ်တော်ရုံး တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ မော်တော်ကားဝယ်ယူခဲ့မှု ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော့်ကို စုံစမ်းမေးမြန်းခဲ့တာ ရှိပါတယ်။” ရန်ကုန်မြို့ ပါတီရုံးချုပ်ကို ဆင့်ခေါ်ကာ မေးမြန်းခံခဲ့တာဖြစ်ပြီး လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ဦးစံမင်း အောင်က ပြောပါတယ်။ “ကျန်ာတို့လည်း ၂၀၁၇-၁၈ ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးမှုကို ခံယူခဲ့ပြီးပါပြီ။ ကျနော်တို့ ကားဝယ်ယူရာမှာ ပြင်ပပုဂ္ဂိုလ်တွေ ၀ယ်ယူသလိုမျိုး ၀ယ်ယူလို့မရပါဘူး။ ကားတွေ ၀ယ်ယူတဲ့အခါမှာ တံဆိပ်ခေါင်းခွန် ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ တံဆိပ်ခေါင်းခွန် ၁ သိန်းခွဲဖိုး ထမ်းဆောင်ခြင်း လုပ်ငန်းတွေ လုပ်ကိုင်ရသလို ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ထမ်းဆောင်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ထားပါတယ်။ ဒါ့အပြင် ကားတွေဝယ်ယူတဲ့အခါမှာလည်း အသစ်ဝယ်ယူတာမဟုတ်ပါဘူး။ secondhand ကို ၀ယ်ရပြီး ပြင်ဆင်ရတဲ့အခန်းကဏ္ဍလည်း ရှိတယ်။ ဒါတွေအပေါ်မှာ သူတို့ နားမရှင်းတာနဲ့ တခြားနည်းနဲ့ ကြားလာတဲ့အပေါ်မှာ  သံသယ၀င်ပြီး တိုင်ကြားတဲ့အပေါ် ပါတီဗဟိုကလည်း ပါတီဗဟိုက စုံစမ်းစစ်ဆေးမှု လုပ်တဲ့အပေါ်မှာ ကျနော်တို့က ဥပဒေနဲ့အညီ စစ်ဆေးခံတာရှိပါတယ်။” သူ့အနေနဲ့ ဝယ်ယူရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် တိုင်ကြားမှုအပေါ်လည်း တာဝန်ယူဖြေရှင်းသွားမယ်လို့ ဦးစံမင်းအောင်က ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024