Home
ဆောင်းပါး
တရုတ်နယ်စပ်က “အငှားကိုယ်ဝန်ဆောင်အလုပ်သမ” အလုပ်ခေါ်စာ
DVB
·
December 29, 2018
“အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမား” ဆိုသည့်စာရွက်ကို တရုတ်မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက် ပိုင်းရှိ မူဆယ်မြို့လယ်ခေါင်နေရာအနှံ့တွင် တွေ့မြင်နေရသည်။ ထိုကြေညာစာရွက်များကို မူဆယ်မြို့၏ လူအများ သွားလာလှုပ်ရှားနေသည့် ပုဂ္ဂလိကဘဏ်များ၊ တရုတ်-မြန်မာ နယ်စပ်ထွက်ပေါက်ဂိတ်များ၊ ဈေးများ၊ ပြည်ထောင်စု လမ်းမပေါ်ရှိ နာရီစင်များ၊ လမ်းမီးတိုင်များတွင် ကပ်ထားခြင်းဖြစ်သည်။ “ဒီစာရွက်ကိုမြင်တော့ ကျမတော်တော်တုန်လှုပ်သွားတယ်။ ဒီလို ပေါ်တင်ကြေညာတာ၊ စီးပွားရေးတခုလို လုပ်လာတာတော့ မကောင်းဘူး။ နောက်အမျိုးသမီးတွေရဲ့ ဘဝရှေ့ရေးကို ကျမမတွေးဝံ့ဘူး”  ဟု မူဆယ်မြို့နေ အသက် (၃၂)နှစ်အရွယ် နန်းထွေးက ပြောသည်။ မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်သကဲ့သို့ မြန်မာပြည်အနှံ့မှ အမျိုးသမီးများ လာရောက် အလုပ်လုပ်ကိုင်နေသည့် နေရာလည်းဖြစ်သည်။ “မူဆယ်မြို့ပေါ်မှာ အလုပ်လာလုပ်တာထက် တရုတ်ပြည်ထဲမှာ သွားအလုပ်လုပ်ကြတာ များတယ်။  ဒီလို အလုပ်သဘောမျိုးခေါ်တဲ့စာတွေ ကြော်ငြာတွေ လာကပ်တာဟာ မြန်မာပြည်က အမျိုးသမီးတွေအတွက် အန္တရာယ်ပါပဲ” ဟု နန်းထွေးက ဆိုသည်။ အဆိုပါ ကြော်ညာစာရွက်တွင် တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည်ကို တွေ့မြင်ရသည်။ ကြော်ငြာစာထဲတွင် တရုတ်ပြည်၊ ကွမ်ကျိုးမြို့တွင် နေထိုင်ရမည်ဖြစ်ပြီး၊ မျိုးအောင်ပြီးသော မျိုးစေ့ကို ကိုယ်ဝန်ဆောင်မည့်သူ၏ သားအိမ်အတွင်းထည့်၍ ၁၀ လကိုယ်ဝန်လွယ်ရမည်ဖြစ်ကာ တစ်လလျှင် ယွမ်ငွေတစ်သောင်း သုံးထောင် (မြန်မာငွေကျပ် ၂၉ သိန်းဝန်းကျင်)  ပေးမည်ဟု ရေးထားသည်။ ထို့အပြင် အလုပ်လျှောက်မည့်သူသည် အသက် (၃၅) နှစ်အရွယ် ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါ မရှိသောသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ ရုပ်ရည်ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိကြောင်း၊ မိမိလိမ်လည်ခံရမည်ကို ကြောက်ရွံ့ပါက ယောက်ျားဖြစ်သူအား အတူခေါ်လာရန် ခွင့်ပြုထားကြောင်း၊ အိမ်ထောင်ရှိသူလည်း အလုပ်လျှောက်နိုင်ကြောင်း ကြေညာစာရွက်တွင် ဖော်ပြထားသည်။ တရုတ်ပြည်ဘက်မှ “အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမား” အလုပ်ခေါ်စာသည် မူဆယ်မြို့ခံများနှင့် မြန်မာပြည်ကို စော်ကားသလိုဖြစ်ပြီး၊ သက်ဆိုင်ရာမှ အရေးယူပေးရန် မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။ “ကြေညာစာရွက်တွေကို မြင်တော့ ကျွန်တော် တော်တော်လေးတုန်လှုပ်သွားတယ်။ ကျွန်တော်တို့ကတော့ တွေ့သမျှတွေကို လိုက်ဆုတ်ဖြဲပေမယ့် ဒါဟာ အမျိုးသမီးတွေအတွက် အရမ်းကို ခြိမ်းခြောက်နေပါတယ်” ဟု ဦးသောင်းထွန်းက ဆိုသည်။ ငွေကြေးအဆင်မပြေသည့် အမျိုးသမီးများအနေဖြင့် သွားရောက်အလုပ်လုပ်ကိုင်ပါက မည်သူမှ သိနိုင်မည်မဟုတ်ကြောင်း ဦးသောင်းထွန်းက ပြောသည်။ “တကယ်လို့ သွားရင်လည်း ကျွန်တော်တို့မသိနိုင်ဘူး။ အမျိုးသမီးတွေအနေနဲ့  အယုံလွယ်ပြီးတော့ မသွားစေချင်ဘူး” ဟု ဦးသောင်းထွန်းက ဆိုသည်။ တရုတ်နိုင်ငံတွင် လူကုန်ကူးခံရပြီး ကူညီရန် ဆက်သွယ်လာသည့် အမျိုးသမီးများရှိကြောင်း၊ ထိုသူများထဲတွင် မြန်မာပြည်အနှံ့မှ အမျိုးသမီးများပါဝင်ကြောင်း ဦးသောင်းထွန်းက ပြောသည်။ “တချို့အမျိုးသမီးတွေက  ရည်စားဘဝကနေ လိုက်သွားပြီး ရောင်းစားခံရတယ်။ တချို့ကတော့ ခေါ်သွားပြီး ဟိုရောက်မှ သူများမယားအဖြစ် ရောင်းစားခံရတာတွေ အမျိုးမျိုးပါ။ မိဘတွေကိုယ်တိုင် ရောင်းစားတာတွေလည်း ရှိတယ်။ သားသမီးတွေ၊ ညီအကိုမောင်နှမတွေက ရောင်းစားတာတွေလည်း ရှိပါတယ်” ဟု လူကုန်ကူးခံရသည့် အမျိုးသမီးများကို ကူညီပေးခဲ့သည့် ဦးသောင်းထွန်းက ပြောပြသည်။ မြန်မာပြည်မှ ပြည်သူများသည် တရုတ်ပြည်အတွင်းသို့ နေ့စဉ်နှင့်အမျှ လူပေါင်းထောင်ချီ ဝင်ထွက်သွားလာ အလုပ်လုပ်ကိုင်နေကြသဖြင့် မည်သည့်အလုပ်ကိစ္စဖြင့် တရုတ်ပြည်သို့ သွားရောက်သည်ကို စိစစ်ဖို့ ခက်ခဲကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ “တရုတ်ပြည် အဝင်အထွက်က တနေ့တနေ့ ထောင်ချီရှိတယ်။ ဘာအတွက် သွားတယ်ဆိုတာတော့ စိစစ်ဖို့ခက်တယ်။ တချို့က ခိုးပေါက်ကနေသွားကြတယ်။ သေချာစိစစ်ဖို့ ကျွန်တော်တို့အနေနဲ့  ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ ယခုနောက်ပိုင်း မြန်မာအမျိုးသမီးများကို အငှားကိုယ်ဝန်ဆောင်စေသည့် လူကုန်ကူးမှုပုံစံသစ်တရပ် ပေါ်ပေါက်နေကြောင်းလည်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က သတိပေးထားသည်။ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာကို ကြည့်ပါက အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတချို့၏ ဈေးကွက်လိုအပ်ချက်အရ ချိတ်ဆက်ဖြစ်ပွားနေကြောင်း၊ အိမ်နီးချင်းနိုင်ငံများဆီကို သွားရောက်အလုပ်လုပ်ရာမှ လူကုန်ကူးခံရသကဲ့သို့ ယခုနှစ်အတွက် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှု ပုံစံသစ်ထွက်ပေါ်လာသည်ကိုလည်း တွေ့ရသည်။ လက်ရှိမှာ တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် “အငှားကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်ခေါ်စာ” ကြော်ငြာစာရွက်များ လာရောက်ကပ်သည်မှာ မြန်မာပြည်သူ အမျိုးသမီးများအတွက် ကြောက်စရာကောင်းသည့် ပြဿနာတရပ်ဖြစ်လာသည်ဟု အမျိုးသမီးများ လူကုန်ကူးခံရမှုနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) မှ  မွန်းနေလီက ပြောသည်။ လွန်ခဲ့သည့် (၅) နှစ်က ထိုကဲ့သို့ ကြော်ငြာစာဖြင့် ပေါ်တင်ကြော်ငြာခြင်းများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မြန်မာနိုင်ငံကိုပါ စော်ကားနေကြာင်း မွန်းနေလီက ဆိုသည်။ မြန်မာနိုင်ငံ၏ စစ်ပဋိပက္ခများ နှစ်ရှည်ဖြစ်လာမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စားဝတ်နေရေး ကြပ်တည်းခက်ခဲလာကာ လူအများ တိုင်းတပါးသို့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်ကြရသည်။ များသောအားဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သွားရောက်လုပ်ကိုင်နေရသည်။ “ဒီနိုင်ငံမှာ စစ်ဖြစ်ပွားမှုက တာရှည်ဖြစ်နေတာ။ ပြည်တွင်းစစ်ကို မထိန်းချုပ်နိုင်တဲ့အပြင် ပိုများလာတယ်။ ဒီကိစ္စတွေက အမျိုးသမီးတွေ လုံခြုံရေး မကောင်းတဲ့အပြင် လူကုန်ကူးမှုဖြစ်ပွားမှုလည်း ပိုတိုးလာပါတယ်” ဟု မွန်းနေလီက ဆိုပါသည်။ စစ်ပွဲများကြောင့် စားနပ်ရိက္ခာရှာဖွေစားသောက်ရန် ခက်ခဲလာသဖြင့် လူကုန်ကူးရန် ကြိုးစားနေသူများအတွက် အခွင့်ကောင်းဖြစ်နေပြီး အဓိကအားဖြင့် အမျိုးသမီးများကို တရုတ်ပြည်ဘက်သို့ အလုပ်သွားလုပ်ရန် စည်းရုံးကာ လူကုန်ကူးနေကြခြင်းဖြစ်သည်။ တရုတ်ပြည်တွင်းသို့ လူကုန်ကူးခံရသည့် အမျိုးသမီးများသည် တရုတ်အမျိုးသားများနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးမွေးဖွားပေးရခြင်းတို့ အဖြစ်များသည်ဟု လူကုန်းကူးခံရသည့် အမျိုးသမီးများကို အကူ အညီပေးနေသူများက ပြောကြသည်။ “ရောင်းစားခံရတာက ရွှေလီမှာ မဟုတ်ဘူး။ ဟိုးနယ်ဝေးတွေမှာ ရောင်းစားခံရတာ။ ကျွန်တော်တို့ မသိနိုင်ဘူး” ဟု ဦးသောင်းထွန်းက ဆိုသည်။ ယခင်က တရုတ်နိုင်ငံအတွင်း လူကုန်ကူးခံရသူများသည် စစ်ပွဲပဋိပက္ခများဖြစ်ပွားသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသခံ အမျိုးသမီးများသာဖြစ်ကြသော်လည်း လက်ရှိမှာ မြန်မာပြည်အနှံ့က ပါဝင်လာကြောင်း မွန်းနေလီက ပြောပြသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ခြင်းနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ဆောင်ရွက်နေမှု အားနည်းနေကြောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ကျူးလွန်ခံရသူများကိုလည်း ထိရောက်စွာ အရေးမယူနိုင်သေးသဖြင့် လူကုန်ကူးမှု ပပျောက်ရန် ခက်ခဲနေဦးမည်ဟု  လူကုန်ကူးမှု တားဆီးဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။ “ဒီလိုကြော်ငြာစာတွေကပ်တာဟာ အနာဂတ်မှာ ပိုကြောက်စရာကောင်းတဲ့အခြေအနေ ဖြစ်လာတယ်။ လူကုန်ကူးတဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့လူတွေ၊  ဘယ်သူပဲဖြစ်ဖြစ် အားလုံးကတော့ ငွေမျက်နှာကို ကြည့်ပြီးလုပ်နေတာ” ဟု မွန်းနေလီက မှတ်ချက်ပြုသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရန် နှစ်နိုင်ငံအစိုးရများအနေဖြင့် တာဝန်ရှိကြောင်း၊ အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သေချာစွာ စီမံကိန်းချမှတ်ကာ ဆောင်ရွက်သင့်သည်ဟုလည်း သူမက ပြောသည်။ ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ (၇၄.၃၄) ရာခိုင်နှုန်းခန့်ရှိပြီး ထိုင်းနိုင်ငံသို့ (၄.၃၇) ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့ (ဝ.၂၉) ရာခိုင်နှုန်းနှင့် ပြည်တွင်းလူကုန်ကူးမှု (၂၁.၂၈) ရာခိုင်နှုန်းခန့် ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ လူကုန်ကူးမှုပြစ်ဒဏ်များကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်အနှစ်(၂ဝ)မှ အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင် ဒဏ် (၁ဝ)နှစ်အထိ ချမှတ်နိုင်ပြီး ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် တကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု အစီရင်ခံစာတွင် နိုင်ငံပေါင်း (၁၆၇)အနက် မြန်မာနိုင်ငံသည် အဆင့် (၁၈) နေရာတွင် ရှိနေသည်။ မြန်မာနိုင်ငံ၊ ပြည်တွင်းစစ်မချုပ်ငြိမ်းသရွေ့  အမျိုးသမီးများ လူကုန်ကူးမှု ပိုပြီးကြီးထွားလာနိုင်ကြောင်းနှင့် လူကုန် ကူးမှုပုံစံလည်း အမျိုးမျိုးပြောင်းလဲလာနိုင်သည်ဟု လူကုန်ကူးမှု တားဆီးဆောင်ရွက်နေသည့် မွန်းနေလီက ထောက်ပြပြောဆိုသည်။ “အငှားကိုယ်ဝန်ဆောင်အလုပ်ခေါ်စာ” ဖြန့်ဝေခြင်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အတွက် အကျည်းတန်သည့် ကိစ္စတခုဖြစ်ပြီး မူဆယ်မြို့သူ၊ မြို့သားများကို စော်ကားသည့် လုပ်ရပ်တခုဖြစ်သည်ဟု  မူဆယ်ဒေသခံများ က မှတ်ချက်ပြုပြောဆိုနေကြသည်။ “ငွေမျက်နှာတခုနဲ့ အလုပ်သွားမလုပ်ကြဖို့။ ဒီအငှားကိုယ်ဝန်ခေါ်စာက ငွေပေးတာများနေတာ  ပုံမှန်မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေ အယုံမလွယ်ဖို့နဲ့ မသွားကြဖို့ ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်” ဟု မူဆယ်ဒေသခံ နန်းထွေးက  ဆိုသည်။ (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024