ဆူနာမီဒဏ်ခံ အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု သတိပေးချက် ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စနေနေ့က လူ ၄၀၀ ကျော် သေဆုံးခဲ့တဲ့ ဆူနာမီ ဖြစ်အပြီးမှာတော့ အာနက်ခ် ကရာကာတူ မီးတောင်ပေါက်ကွဲမှု သတိပေးချက် တိုးမြှင့်တပ်လှန့်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပင်လယ်ပြင် လုံခြုံရေးရဲတပ်ဖွဲ့ကလည်း မီးတောင်အနီးက ကျွန်းငယ်လေးတွေမှာ နေထိုင်ကြသူတွေကို သူတို့အသက်အန္တရာယ် လုံခြုံရေးအတွက် ပြောင်းရွှေ့ကြဖို့ စည်းရုံးပြောဆိုနေကြပါတယ်။ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်း ၂ ခုကြားက ဆွန်ဒါ ရေလက်ကြားက ဆန်ဂယန်းကျွန်းလေးမှာ ဆူနာမီနဲ့ ကြုံရချိန်က လူ ၁၀၀ မှာ ၄ ယောက် သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများ စွာ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အသက်ရှင်သူအများစုကိုလည်း နေရာ ပြောင်းရွှေ့ပေးထားပါတယ်။ မီးတောင် လှုပ်ရှားသက်ဝင်နေတယ်ဆိုတဲ့ သတင်းရထားတာကြောင့် ကျန်သူတွေကိုလည်း ရဲတပ်ဖွဲ့က ဒီကနေ ခွာစေချင်ကြတာပါ။ ဒါပေမယ့်  စိတ်မာကြသူတွေကတော့ သူတို့ ရှိနေတဲ့နေရာမှာပဲ အသက်ရှင်နေတော့မယ်လို့ ဆိုကြတယ်။ ရဲတပ်ဖွဲ့ကတော့  ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးပြီး လိုအပ်မယ့် အကူအညီတွေ ပေးရမှာပါ။   အင်ဒို အမျိုးသားရဲတပ်ဖွဲ့မှ ရဲကော်မရှင်နာမင်းကြီး နူနွန် ဆယိုင်ဖှဒ်ကတော့ လူတွေကို ကျွန်းပေါ်ကနေ ခေါ်ထုတ်ချင်ပေမယ့်  ကုန်းမြင့်ပေါ်မှာ ရှိနေလို့ စိတ်လုံခြုံနေတဲ့ သူတို့ရဲ့ခံစားချက်ကိုလည်း သဘောပေါက် နားလည်တယ်လို့ ပြောပါတယ်။ ဂျာဗားနဲ့ ဆူမားတြား ၂ ကျွန်းကြားမှာ ရှိတဲ့ ကျွန်းတွေဟာ အာနက်ခ် ကရာကာတူမီးတောင်နဲ့ အများကြီး ပိုနီးတာကြောင့် ဆူနာမီ လာချိန်က ၂ ကျွန်းလုံး ထိခိုက်ခဲ့ပါတယ်။ ပျောက်ဆုံးနေသေးသူတွေကို ပြန်ရှာဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို စတင် လုပ်ဆောင်ဖို့ ဂျာဗားမစ်ရှင် အထူးအဖွဲ့ကလည်း ရာသီဥတု ဆိုးရွားလို့ နှောင့်နှေးကြန့်ကြာနေပါတယ်။ လမ်းတွေ ရေမြုပ်နေဆဲ၊ အကူအညီပေးရေးပစ္စည်း ကားတန်းကြီးတွေကလည်း တန်းစီစောင့်ဆိုင်း နေရဆဲ ဖြစ်ပါတယ်။ လူသေဆုံးမှု များပြားပြီး ထောင်နဲ့ချီတဲ့ အိမ်တွေ၊ လုပ်ငန်းတွေကို တောစပ်ထဲ ရွှေ့ပြောင်းပေးထားရပါတယ်။ လူတွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေဆီ အတင်းကို ပြောင်းရွှေ့ခိုင်းနေရပါတယ်။ တချိန်တည်းမှာပဲ မီးတောင်ကလည်း အဆက်မပြတ် လှုပ်ရှားလာပြီး ကောင်းကင်ကို ပြာနဲ့မီးခိုးတွေ မှုတ်ထုတ်နေတာမို့ နောက်ထပ် မီးတောင်ပေါက်ကွဲမှာကိုလည်း ကြောက်ရွံ့နေကြပါတယ်။ သင်္ဘောတွေကို ရှင်းလင်းထားဖို့ ညွှန်ကြားထားပြီး လေယာဉ်တွေလည်း တခြားလမ်းကြောင်းခရီးစဉ်တွေ ပြေးဆွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up