ကျောင်းတွင်းလှုပ်ရှားမှုပြုလုပ်ခဲ့သည့် ရတနာပုံ ဗကသ ကျောင်းသား ၃ ဦးကို ဖမ်းဆီး
DVB
·
December 28, 2018
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ကျောင်းအတွင်းနဲ့ တက္ကသိုလ်ပတ်ဝန်းကျင် လုံခြုံရေးတိုးမြှင့်ပေးရေး ကျောင်းတွင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသား ၃ ဦးကို ဒီနေ့ ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။
ကျောင်းသားများအနေနဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “ကွယ်လွန်သူ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်နဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးကျော်ကျော်မင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကွယ်လွန်သူ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့ကို နာရေးပို့ဆောင်” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့အတူ ရုပ်ပုံတွေကို မီးရှို့ပြီး ကျောင်းတွင်းကျောင်ပြင်လှုပ်ရှားတွေ ပြုလုပ်ခဲ့ကြတာပါ။
“နေ့ခင်းကြီးမှာ လှုပ်ရှားမှု လုပ်မလို့ရှိသေးတယ်၊ ကျောင်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားတား ဖမ်းဖမ်းနဲ့ ဖမ်းသွားတာ” လို့ အဖမ်းခံရတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီမှာ ကိုဖုန်းမြင့်ကျော်က ပြောပါတယ်။
ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) က ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ ၃ ဦးကို အမှတ် (၁၀) စခန်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရတနာပုံတက္ကသိုလ်ကျောင်းအတွင်းနဲ့ တက္ကသိုလ်ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ လုံခြုံရေး ဝန်ထမ်းတွေ တိုးမြှင့်ချထားပေးဖို့ ရတနာပုံ ဗကသ က အကြိမ်ကြိမ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းမပေးခဲ့တဲ့အတွက် အခုလို လှုပ်ရှားမှု ပြုလုပ်ကြတာလည်း ဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ် ဗကသ ကျောင်းသား ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) (နိုင်ငံတော်အကြည်ညိုပျက်စေမှု)၊ ပုဒ်မ ၁၉ (ငြိမ်းစုစီဥပဒေ)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင်ပူးပေါင်ကြံစည်မှု)၊ ပုဒ်မ ၃၅၃ (တာဝန်ဝတ္တရားနှောင့်ယှက်မှု)၊ ပုဒ်မ ၄၃၅ (မီးရှို့ဖျက်ဆီးမှု) စတဲ့ ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က အတည်ပြုပြောကြားခဲ့ပါတယ်။