အကောင်းဆုံးကစားသမားဆုကို မောင်မောင်လွင် ရရှိ

၂၀၁၈ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးဘောလုံးသမားဆုကို လက်ရွေးစင်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း၏ ကွင်းလယ်လူ မောင်မောင်လွင်က ရရှိသွားပါတယ်။ မောင်မောင်လွင်ဟာ အဆိုပါဆုကို ကျော်ဇင်ထက်၊ သန်းထက်အောင်တို့ကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပတဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား MFF - MNL Awards Night 2018 ကို မနေ့ညပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ လူငယ်အမှတ်ပေးလိဂ်ပြိုင်ပွဲ ဆုရရှိတဲ့အသင်း၊ ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ချန်ပီယံအသင်း၊ MPT မြန်မာနေရှင်နယ်လိဂ် ၁ နဲ့ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွေမှာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိတဲ့ အသင်းတွေ၊ အသန့်ရှင်းဆုံးအသင်းဆုတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေ ဆုတံဆိပ် ရရှိခဲ့တဲ့ မြန်မာယူ-၁၉ အသင်း၊ မြန်မာယူ-၂၁ အသင်း၊ မြန်မာယူ-၁၆ အမျိုးသမီးအသင်း၊ MIC ဖူဆယ်အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်း စတာတွေ ဆုကြေးငွေတွေနဲ့ ဆုဖလားတွေ ပေးအပ်ချီးမြှင့်ခဲ့တာပါ။ ဒါ့အပြင် နည်းပြအကောင်းဆု၊ အမျိုးသား/အမျိုးသမီးဒိုင်လူကြီး အကောင်းဆုံးဆုတွေ ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ လက်ရွေးစင်ကွင်းလယ်လူ လွင်မိုးအောင်က ရရှိခဲ့ပါတယ်။ လွင်မိုးအောင်အနေနဲ့ ၀င်းနိုင်ထွန်း၊ မြတ်ကောင်းခန့် စတဲ့ ကစားသမားတွေကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသမီးဘောလုံးသမား အကောင်းဆုံးဆုကိုတော့ လက်ရွေးစင်တိုက်စစ်မှူး ခင်မာလာထွန်းက ရရှိခဲ့ပြီး အမျိုးသမီးလူငယ်အကောင်းဆုံး ကစားသမားဆုကို လူငယ်တိုက်စစ်မှူး မြတ်နိုးခင်က ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆုကိုတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပဲ့ကိုင်ရှင်နည်းပြ ဦးမျိုးမင်းထွန်းက ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသား ဒိုင်လူကြီးဆုကို ဦးမြတ်သူနဲ့ အကောင်းဆုံး အမျိုးသမီး ဒိုင်လူကြီးဆုကို ဒေါ်သိန်းသိန်းအေးတို့က ရရှိခဲ့ကြပါတယ်။ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစား ဒု-၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဋ္ဌတွေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ မြန်မာနေရှင်နယ်လိဂ် စပွန်ဆာကုမ္ပဏီတွေမှ တာဝန်ရှိသူတွေ၊ ဆုရရှိတဲ့ ကလပ်အသင်းတွေမှ အုပ်ချုပ်/နည်းပြတွေ၊ ကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up