Home
မေးမြန်းခန်း
လယ်မြေသိမ်းမှု အာဏာပိုင်များ ပါဝင်ခဲ့သည့်အတွက် စုံစမ်းရေး အဟန့်အတားရှိ
DVB
·
September 11, 2012
ပြည်သူ့လွှတ်တော်ကနေ လယ်သိမ်းခံတောင်သူတွေအတွက် ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ဟာ လယ်မြေဆုံရှုံးခံထားရတဲ့ တောင်သူတွေအတွက် စုံစမ်းစစ်ဆေးရေးတွေ စတင်ပြုလုပ်နေပါတယ်။ လယ်မြေသိမ်းခံထားရတာဟာ တနိုင်ငံလုံး ဖြစ်ပျက်နေပြီး အာဏာပိုင်တွေ ကိုယ်တိုင်က သိမ်းဆည်းခဲ့တဲ့ အတွက် အဟန့်အတားတွေ အများကြီးရှိတယ်လို့ လယ်ယာမြေကော်မရှင်မှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါ တယ်။ ကော်မရှင် အနေနဲ့ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ဦးမင်းသူကို ဆက်သွယ် မေးမြန်းထားပါတယ်။ ဦးမင်းသူတို့ပါတဲ့ လယ်သမားနစ်နာချက်တွေ စုံစမ်းဖော်ထုတ်ရေး ကော်မရှင်ကနေ မန္တလေးတိုင်းမှာ ဆိုရင် တိုင်စာ အမှု ၈၀ လောက် ရှိတယ်ဆိုတော့ အဲဒီထဲမှာ ထူးထူးခြားခြား ပြဿနာဖြစ်တဲ့ဟာမျိုးရော ဘာများ ရှိလဲဗျ။ “လယ်ယာမြေများ သိမ်းဆည်းခံရခြင်း အချက် ၆ ချက် ရှိပါတယ်။ အဲဒီထဲကပဲ လယ်တွေ၊ မြေတွေ သိမ်းဆည်းခံရတာ ရှိတဲ့အတွက် အဲဒီအကြောင်းအရာတွေပါပဲ။  ပုံစံအားဖြင့် ၆ မျိုးပေါ့။ နံပါတ် ၁ က မြို့ကွက်သစ်တွေ တည်ဆောက်လို့ လယ်ယာမြေနဲ့ အခြားမြေတွေ အသိမ်းခံရတယ်။ နံပါတ် ၂ က စက်မှုဇုန်တွေ  တည်ဆောက်လို့ လယ်ယာမြေတွေ အသိမ်းခံရတယ်။ နံပါတ်  ၃ က တပ်မြေအဖြစ် သတ်မှတ်တာ၊  တိုးချဲ့တာတို့ကြောင့် သိမ်းခံရတာ ရှိတယ်။ နံပါတ် ၄ က နိုင်ငံပိုင်စီမံကိန်းတွေ ဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း ဖောက်တာ၊ လေယာဉ်ကွင်း ဆောက်တာ၊ ဆေးရုံတွေ၊ ဆည်တွေ တည်ဆောက်တာကြောင့် လယ်ယာမြေတွေ အသိမ်းခံရတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေ ပုဂ္ဂလိကလုပ်ခွင့်ပေးတာကြောင့် အသိမ်းခံရတာ ဖြစ်တယ်။ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်တဲ့အခါမှာလည်း လယ်မြေတွေ အသိမ်းခံရတာ ရှိတယ်။ ဒါကြောင့် ဒီအချက် ၆ ချက်ထဲကပဲ အများဆုံး ပါဝင်နေပါတယ်။ အဲဒီအချက်တွေကိုပဲ အဓိကထားပြီး စုံစမ်းစစ်ဆေးရေးပုံစံမျိုး စတင်နေပါပြီ။” မြန်မာပြည်သူတွေကို အသိပေးချင်တာတခုက ဘယ်လိုမျိုး တိုင်လို့ရလဲဆိုတာလေ။ အဲဒါလေး ပြောပြပါဦး။ “အဲဒါကတော့ ခုနက ပြောခဲ့တဲ့ အချက် ၆ ချက် ထဲကတော့ တနိုင်ငံလုံး နီးနီးပါပဲ။ ဘယ်အချိန်မှာ သိမ်းသလဲ။ မိမိတို့ ပိုင်ဆိုင်တဲ့ လယ်မြေဧက ဘယ်လောက်ပါသွားလဲ။ လယ်မြေတည်နေရာ၊ ကွင်းအမှတ်၊ အကွက်အမှတ် စသဖြင့် ဖော်ပြရပါတယ်။ သိမ်းတဲ့အခါမှာလည်း လျော်ကြေးပေးသလား။ လျော်ကြေးမပေးဘဲ သိမ်းသလား။ လျော်ကြေးပေးရင်လည်း ဘယ်လောက်နဲ့ ပေးသလဲ။ အဲဒါကို ဥက္ကဋ္ဌ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းရေး ကော်မရှင် ပြည်ထောင်စုလွှတ်တော်လို့ လိပ်မူပြီး ပေးပို့နိုင်ပါတယ်။ တကယ်လို့ ကိုယ်စားလှယ်တွေက တဆင့် ပေးပို့ရင်လည်း ကိုယ်စားလှယ်တွေက မိမိ လက်ခံရရှိထားတဲ့စာကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဆီ လိပ်မူပြီး တရားဝင် ၀င်စာအဖြစ် မှတ်ပုံတင်ပြီး နစ်နာတဲ့ ကာယကံရှင်ကိုယ်တိုင် လက်မှတ်ထိုးထားတာကို ကျနော်တို့က လက်ခံပါမယ်။ အဲဒါမှ ကျနော်တို့က စုံစမ်းစစ်ဆေးလို့ရမှာပါ။ တိုင်စာပို့ဖို့ပဲ အရေးကြီပါတယ်။ မိမိတို့ နစ်နာတဲ့ လယ်ယာမြေတွေ ဆုံးရှုံးခံရတဲ့ကိစ္စကို စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌဆီ လိပ်မူတပ်ပြီး ပေးပို့ဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းနဲ့ပဲ ကျနော်တို့ ကော်မရှင်ဆီ ရောက်လာတဲ့ တိုင်စာတွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့လိုက်၊ အသုတ်လိုက် သွားမှာပါ။” ဦးမင်းသူအနေနဲ့ ဒီကော်မရှင်မှာပါတယ်ဆိုတော့ ကော်မရှင်အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ မျှော်လင့်ထားလဲ။ အခုအနေအထားကရော ဘယ်လောက်အထိ လုပ်နေရပြီလဲ။ “အခုက တနိုင်ငံလုံးအတိုင်းအတာဆိုတော့ တော်တော်တော့ ကြီးမားကျယ်ပြန့်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်စာက အရင်တုန်းကတော့ နိုင်ငံတော်သမ္မတရုံးတို့ အဆင့်ဆင့်၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို တိုင်တာရှိပါတယ်။ အဲဒါက လယ်တွေသိမ်းနေတုန်းရယ်၊ ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင် မဖွဲ့ခင်တုန်းကဖြစ်တဲ့ ပြဿနာဆိုတော့ ကျနော်ထင်တယ် ဒါက တော်တော်ကြီးမားကျယ်ပြန့် ပါတယ်။ ဒါအပြင် ဥက္ကဋ္ဌ ကိုယ်တိုင်က၊ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ပြောထားတာက ဒီဟာ အင်မတန်မှကြီးမားတဲ့ ကိစ္စဖြစ်တဲ့အတွက် ၁ နှစ်၊ ၂ နှစ်လောက်နဲ့ ပြီးနိုင်မယ့် အနေအထားမရှိပါဘူးတဲ့။ ဒါက သမိုင်းဝင်မယ့် ပုံစံမျိုးဖြစ်နေတော့ သမိုင်းမှာတရားခံမဖြစ်အောင်တော့ တိတိကျကျနဲ့ မှန်မှန်ကန်ကန်နဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ အရေးကြီးပါတယ်တဲ့။ ဒါကို ပြည်ထောင်စုလွှတ်တော်ကို ကျနော်တို့ အစီရင်ခံမှာပါ။ ပြည်ထောင်စုလွှတ်တော်ကတဆင့် ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့အဆိုမှာ နစ်နာမှုများ၊ ဆုံးရှုံးမှုများ အတွက် တရားမျှတစွာ ဖြေရှင်းရေးကတော့ တပိုင်းပေါ့လေ။ လက်ရှိကတော့ နစ်နာတဲ့ ကိစ္စတွေ၊ လယ်ယာမြေအသိမ်းခံရတဲ့ ပြဿနာတွေ၊ အရင်ဆုံး စုံစမ်းစစ်ဆေးဖို့ကတော့ စပြီး လုပ်ကိုင်နေပြီပေါ့။ လယ်ယာမြေ အသိမ်းခံရတဲ့အထဲမှာ အာဏာပိုင်တွေက သိမ်းတယ်ဆိုတဲ့ကိစ္စက ခေတ်အဆက်ဆက်မှာ ဖြစ်ခဲ့တာကိုး။ သို့သော်လည်း အာဏာပိုင်တွေက စောစောက အချက် ၆ ချက်ကို အကြောင်းပြပြီး သိမ်းခဲ့ကြတာကိုး။ လက်ရှိအနေအထားမှာနဲ့ ဒီရဲ့ အဟန့်အတား ဘယ်လောက်ကြီးတယ် ဆိုတာတော့ မှန်းဆနိုင်ပါတယ်။ ဒီအပေါ်မှာ ပြန်ဖော်ထုတ်ရတယ် ဆိုတာတော့ အတော်ခဲခဲယဉ်းယဉ်းပါ။ ဒီအပေါ်မှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းအရေးကြီးပါတယ်။” တခြားရော ဘာများ ပြောစရာရှိသေးလဲ။ “ကျနော်ကတော့ အခုလို အခြေအနေမျိုးမှာ စုံစမ်းစစ်ဆေးရေး တရားဝင် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပြီဆိုတဲ့အချိန်မှာ ပြည်သူလူထုတွေကလည်း မိမိတို့ အမှန်တကယ် နစ်နာခဲ့တဲ့ကိစ္စတွေကို လယ်ယာမြေပဲဖြစ်ဖြစ်၊ နေအိမ်၊ ဒေသတွေ ပဲဖြစ်ဖြစ် ပျောက်ဆုံးခဲ့ရတဲ့ အခြေအနေတွေကို တိတိကျကျနဲ့ တိုင်ဖို့အရေးကြီးပါတယ်။ တိုင်တာနဲ့ ကျနော်တို့ တရားဝင် စာလက်ခံရရှိပြီဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ လာရောက် စုံစမ်းစစ်ဆေး မှတ်တမ်းတင်ယူပြီးရင် ပြည်ထောင်စုလွှတ်တော်က တဆင့် တင်ပြသွားမှာပါ။ ပြည်သူတွေအနေနဲ့ ဒီကိစ္စကို မိမိတို့ ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကတဆင့်ဖြစ်ဖြစ်၊ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းကော်မရှင်ကို လိပ်မူတပ်ပြီး တိုက်ရိုက်ပေးပို့ဖို့ လိုကြောင်း ကျနော် ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024