Home
မြန်မာသတင်း
ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲ ရွှေ့ဆိုင်းခံရ၍ ကျွဲဒုံးကျေးရွာသားများ ဆန္ဒပြ
DVB
·
December 27, 2018
ဧရာဝတီတိုင်းဒေသကြီး ကျွဲဒုံးကျေးရွာအုပ်စုရှိ ကမ်းသာယာကမ်းခြေမှာ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအဖြစ် အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပမှု ရွှေ့ဆိုင်းခဲ့တာကို မကျေနပ်လို့ ဒေသခံ ၁ဝဝဝ နီးပါး မအူပင်မြို့မှာ ဒီကနေ့မနက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကမ်းသာယာကမ်းခြေ ပိုမိုစည်ကားလာစေဖို့နဲ့ ဒေသတွင်းမျိုးဆက်သစ် ဖူဆယ်ကစားသမား ကျောင်းသားလူငယ်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး ဖူဆယ်ဘောလုံကွင်းကို သဘာဝအလျောက် ပေါ်ထွန်းလာတဲ့ သဲသောင်ပြင်ပေါ် ကိုယ်ထူကိုယ်ထ တည်ဆောက်ခွင့်ပေးဖို့ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ကျွဲဒုံးကျေးရွာဒေသခံတွေ စုပေါင်းပြီး လျောက်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရကလည်း ခွင့်ပြုခဲ့လို့ မအူပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရဲ့လမ်းညွန်မှုနဲ့အတူ ကျွဲဒုံးကျေးရွာဒေသခံတွေရဲ့ အလှူငွေနဲ့ ၂ဝ၁၈ မေလအတွင်းမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း ၅ ကျောင်းနဲ့ အလယ်တန်းကျောင်း ၈ ကျောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြီး ဖွင့်လှစ်ဖို့ စီစဉ်ပြီးကာမှ ရွှေ့ဆိုင်းဖို့ စာထုတ်ခဲ့တဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူက ပြောပါတယ်။ “ကျောင်းပေါင်းစုံတိုက်နယ် ဘောလုံးပြိုင်ပွဲကြီးကို ဖူဆယ်ကွင်းတည်ဆောက်ပြီးလို့ မြက်ခင်းပေါ်မှာ ကျင်းပဖို့ ကိစ္စကို တားဆီးပိတ်ပင်လိုက်တော့ မြေသားပေါ်မှာပဲ ဖုန်အလူးလူးနဲ့ ကလေးတွေ ကစားနေရတဲ့အတွက်၊ မြက်ခင်းပေါ်မှာ ကစားစေချင်တဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်တာပါ” လို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးမောင်မောင်ကြည်က ပြောပါတယ်။ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်သိန်းက “သူတို့ဘက်က လျှောက်လွှာ တင်ထားတယ်၊ ကျနော်လည်း တင်ထားတယ်၊ ခွင့်ပြုချက်မကျသေးတာ၊ အဲ့ဒါကိုမြန်မြန် ကျစေချင်လို့ ဆန္ဒဖော်ထုတ်တာ။ မြို့နယ်ကထောက်ခံပြီး တိုင်းကိုတင်တာ တင်ပေးလိုက်တယ်? သူတို့ကကြာနေလို့ ဆန္ဒဖော်ထုတ်တာ။ အုပ်ချုပ်မှုဥပဒေနဲ့တလိုင်း၊ အိုလံပစ်ဥပဒေနဲ့ တလိုင်း တိုင်းအစိုးရအဖွဲ့ကို တင်ထားပါတယ်၊ ပြန်မကျသေးတာ” လို့ ပြောပါတယ်။ ဆန္ဒဖော်ထုတ်သူတွေဟာ ကျွဲဒုံးကမ်းသာယာ ကျေးရွာပိုင်ဖူဆယ်ဘောလုံးကွင်း ခွင့်ပြုရေး၊ မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွန်းရေးနဲ့ ပြည်သူဆန္ဒကို လိုက်လျောပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကို ကျွဲဒုံးကျေးရွာအုပ်စုအတွင်းက ရွာပေါင်း ၁ဝ ရွာက ဒေသခံတွေ ပါဝင်ခဲ့တာဖြစ်ပြီး မအူပင်မြို့ရှိ ရေလဲလမ်းဆုံမှာ မနက် ၁ဝ ကစတင်ကာ ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ မအူပင်မြို့အနှံ့ လှည့်လည်ပြီး နေ့လယ့် ၁၂ နာရီမှာတော့ ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024