DVB Logo
Home
မြန်မာသတင်း
သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ပွားသူ ၂ ဆကျော်တိုးလာ
DVB
·
December 27, 2018
သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ပွားသူ  ၂ ဆကျော်တိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ သွေးတိုးနဲ့ ဆီးချိုရောဂါ ဖြစ်ပွားသူတွေဟာ ပြီးခဲ့တဲ့ ၄ နှစ်ကထက် ၂ ဆကျော် တိုးလာတယ်လို့ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန တာဝန်ရှိ ဆရာဝန်တဦးက ပြောပါတယ်။

၂၀၁၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် အခုနှစ်မှာ သွေးတိုးဖြစ်သူက ၂ ဆကျော်၊ ဆီးချို၊ သွေးချို ရှိသူက ၂ ဆလောက် ပိုတိုးလာတာပါ။

မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက “၂၀၁၄ ခုနှစ်တုန်းက ဆီးချိုရှိတဲ့သူက သုတေသနလုပ်တဲ့ ဦးရေရဲ့ ၁၀ ဒသမ ၅ ပေါ့။ အကြမ်းဖျင်းပြောရင် ၁၀ ယောက်မှာ တယောက်ပေါ့။ သွေးတိုးတဲ့သူကတော့ ၂၆ ဒသမ ၄ ပေါ့။ ၄ ယောက်မှာ တယောက်။ အခု ကျန်းမာရေးဌာနတွေမှာ ဆီးချို သွေးချိုတွေကို စစ်ဆေးတာ၊ သွေးပေါင်ချိန်တိုင်းတာတွေ လုပ်ပေးပြီး အကြမ်းဖျင်းရတဲ့ အချက်အလက်တွေအရ လူနာ ၁ သိန်းမှာ ၄ သောင်းလောက်က သွေးတိုးနေတယ်။ ၁၀ ယောက်မှာဆိုရင် ၄ ယောက်ပေါ့။ ပြီးတော့ လူ ၁ သိန်းမှာ ၂ သောင်းလောက်က ဆီးချိုဖြစ်နေတယ်။" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါဟာ အဖြစ်အများဆုံးထဲမှာ ပါပြီး သူ့နောက်မှာတော့ ဆီးချို သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါတို့ အဖြစ်အများဆုံး ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ သေဆုံးမှု စုစုပေါင်းရဲ့ ထက်ဝက်ကျော် ၅၁ ရာခိုင်နှုန်းဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း ဒေါက်တာ ကျော်ကံကောင်းက ပြောပါတယ်။

သေဆုံးသူ စုစုပေါင်းရဲ့ ၂၀ ရာနှုန်းကျော် သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါကြောင့် ဖြစ်ပြီး ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ရောဂါတို့ကြောင့် ၅ ရာခိုင်နှုန်း လောက်စီ သေဆုံးကြပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးသူဟာ ၁၄ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ အချက်အလက်တွေအရ ရောဂါဖြစ်ပွားမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

ဒေါက်တာကျော်ကံကောင်းက “သတင်းအချက်အလက်တွေကိုတော့ ဒီထက်မက ရရှိအောင်လို့၊ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိအောင်လို့ ဆောင်ရွက်နေပါတယ်။ အခု လောလောဆယ်ကတော့ ဆေးရုံတက်တဲ့ လူနာတွေကို အခြေခံထားတဲ့ သတင်း အချက်အလက်တွေ ဖြစ်ပါတယ်။ ဆေးရုံမတက်ဘဲ သေဆုံးသွားသူတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုလည်း ရနိုင်အောင်လည်း စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

ကူးစက်ရောဂါတော်တော်များများဟာ ဆေးတွေနဲ့ တားဆီးကာကွယ်ထားနိုင်ပြီး အစားအသောက်၊ အနေအထိုင်တွေ ဆင်ခြင်ပြီးနေထိုင်ကြဖို့ အကြံပြုပြုပါတယ်။

ဆေးလိပ်၊ ကွမ်း၊ အရက်တွေ အစားအသောက်များလာတာ၊ စားသောက်တဲ့ပုံစံတွေ ပြောင်းလာတာ၊ လေထု မသန့်ရှင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာတွေကြောင့်လည်း ဒီရောဂါတွေ ဖြစ်စေပြီး ဆင်ခြင် ရှောင်ကြဉ်ဖို့လည်း ဒေါက်တာ ကျော်ကံကောင်းက  တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013