ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ တပါတီတည်း ပူးပေါင်းဖို့အတွက် ၂ ပါတီလုံးက ပါတီပူးပေါင်းရေး ကော်မတီတွေ အသီးသီး ဖွဲ့စည်းထားတယ်လို့ ပါတီ ၂ ခုက ပြောပါတယ်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဘက်က အဖွဲ့ဝင် ၅ ဦးပါ ပါတီပူးပေါင်းရေး အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ထားပြီးပြီလို့ ပါတီဗဟိုကော်မတီဝင် ဦးကျော်စံလှက ပြောပါတယ်။
“ပြည်သူတွေရဲ့ ဆန္ဒကတော့ ၂ ခုကို ပူးပေါင်းစေချင်တဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့ဘက်က အဆင့်သင့်ပါ။ ကျနော်တို့ဟာ အချိန်ကာလတခုအတွင်းမှာ ပူးပေါင်းကို ပူးပေါင်းရမယ်လို့ ယူဆပါတယ်။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဖို့၊ လိုအပ်တဲ့အခါမှာ ဆွေးနွေးဖို့ အဖွဲ့လည်း ဖွဲ့ထားပါတယ်။ အဲ့အဖွဲ့မှာ ကျနော်ပါတယ်၊ မေလ ကတည်းက ဖွဲ့ထားတာပါ။”
၂ ပါတီပူးပေါင်းရေးအတွက် တရားဝင်ဆွေးနွေးတာ မရှိသေးပေမယ့်လည်း ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဆွေးနွေးတာတွေတော့ ရှိနေတယ်လို့ ဦးကျော်စံလှက ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အလားတူ ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းထားပြီးပြီလို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
“ကျနော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပြန်မှတ်ပုံတင်ပြီးတော့ ပထမဆုံးတွေ့တဲ့ စီအီးစီအစည်းအဝေးမှာကိုက ပါတီ ၂ ပါတီ ပေါင်းစည်းရေးအတွက် စစ်တွေ၊ ရခိုင်ပြည် စီအီးစီကို တာဝန်ပေးထားပါတယ်။ မူဝါဒပိုင်းဆိုင်ရာတော့ ညှိနှိုင်းရမှာပေါ့။ ဒါပေမယ့် ရခိုင်ပြည်သူတွေအကုန်လုံးကတော့ ပေါင်းချင်တယ်။ ကျနော်တို့ကလည်း ကိုယ့်အမျိုးသားညီညွတ်ရေးကို ကြိုက်တယ်ဆိုတော့ ဒါဖြစ်နိုင်ပါတယ်။”
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကာက်ပွဲမှာ အနိုင်ရခဲ့ပြီး စစ်အစိုးရလက်ထက်မှာ ဖျက်သိမ်းခံခဲ့ရတဲ့အတွက် ဒီနှစ် ဧပြီလပိုင်းကမှ ပါတီကို မှတ်ပုံပြန်တင်ခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ ဖြစ်ပါတယ်။