ဖားကန့်တွင် အရောင်းအ၀ယ်များ ရပ်ဆိုင်း
နော်နိုရင်း
·
September 10, 2012
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း စစ်ဖြစ်နေတာ ၁ လခန့်အကြာမှာ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေသလို ဖားကန့်မြို့ပေါ်ကိုရှောင်လာတဲ့ စစ်ပြေးဒုက္ခသည် ကလေးတွေအကြား ၀မ်းပျက်ဝမ်းလျော ဖြစ်ပွားနေပါတယ်။
ဖားကန့်ဒေသဘက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရောင်းအ၀ယ်မရှိဖြစ်နေရ သလို အောက်ဘက်ဒေသက တက်လာတဲ့ ကားတွေလည်း မရှိတော့သလောက် ဖြစ်နေတယ်လို့ ဖားကန့်မြို့ခံ မနန်းဂျာ ခင်က ပြောပါတယ်။
အထူးသဖြင့် မိုးကောင်း၊ မြစ်ကြီးနားဘက်က အမျိုးသားတွေ ဖားကန့်ဘက်ကို တက်ရင် ကေအိုင်အေ က ခွင့်မပေးတဲ့အတွက် အသွားအလာ အေးစက်နေတယ်လို့ ပြောပါ တယ်။
“တမြို့လုံး ဘာမှမလုပ်နိုင်ဘူး။ ဖားကန့်တမြို့လုံးတောင်မှပဲ ရွှေ့ရမလို သတင်းထွက်နေတာ။ ဘာလို့လဲဆိုတော့ တိုက်ပွဲအခြေအနေတွေက ဖြစ်လာမလို သတင်းတွေထွက်နေတာပေါ့။ အတိအကျတော့ မသိရသေးဘူး။ ရောင်းတာဝယ်တာက အစ ဘာမှမဖြစ်ဘူး။ ဖားကန့်တမြို့လုံး ဒီလိုပဲ စောင့်နေရတာ။ ဘယ်တော့ အေးချမ်းမလဲ အေးချမ်းမလဲနဲ့ပေါ့။ အသွားအလာတွေကအစ ကသိကအောင့်နိုင်တယ် ဒုက္ခဖြစ်တယ်။ အတက်ကိုလည်း ယောက်ျားလေးတွေ သွားမရဘူး။ ကေအိုင်အေကလက်မခံတာ၊ အဆင်းဆိုရင်တော့ ရတယ်။ ဒါပေမယ့် အန္တရာယ်များတာပေါ့။ ဆင်းရင်လည်းခက်တယ်၊ နေရရင်လည်း ခက်တယ်။ အဲလို ပိတ်မိသလိုဖြစ်နေကြတာ။”
ဖားကန့်မြို့ခံတွေအနေနဲ့လည်း မြို့နဲ့ မနီးမဝေးက တိုက်ပွဲတွေက သေနတ်သံ လက်နက်ကြီးသံ တွေကို ကြားနေရလို့ ထွက်ပြေးနိုင်ဖို့ အမြဲတမ်း အဆင်သင့် ပြင်ထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သြဂုတ် ၁၉ ရက်နေ့လောက်ကတည်းက ရွာတွေဘက်ကနေ ဖားကန့်မြို့ပေါ် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေထဲက တချို့ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျော ဖြစ်နေတယ်လို့ မနန်းဂျာခင်က ပြောပါတယ်။
“ကျန်းမာရေးလည်း လူအများနဲ့နေလာတော့ ချို့တဲ့လာကြတာပေါ့။ ၀မ်းပျက်ဝမ်းလျောတွေ၊ တိုက်ဖွိုက်တွေ၊ ဖြစ်ကြတယ်။ ဆေးသွင်းရတာတွေလည်း ရှိတယ်။ အထူးသဖြင့် လူများတဲ့နေရာတွေမှာ ပိုဖြစ်ကြတယ်။ ကလေးတွေ ပိုဖြစ်ကြတာများတယ်။ ဆရာမတွေ၊ သူနာပြုတွေရှိတော့ နည်းနည်း ဒီလိုလေးပဲ ထိန်းနေကြတာပေါ့။ တချို့ ငွေကြေးအခက်အခဲဖြစ်တဲ့အခါ ဆေးရုံမသွားနိုင်ကြဘူးလေ။ ဒုက္ခသည်တွေထဲမှာ သူနာပြုဆရာမတွေလည်း ရှိတဲ့အခါ တတ်သလောက် မှတ်သလောက်လေးတွေနဲ့ လုပ်နေကြတာရှိတယ်။”
လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အဲဒီမှာ မိုးဆက်တိုက်ရွာလို့ ရေကြီးတဲ့အတွက် ဒုက္ခသည်တချို့ ကုန်းမြင့်ပိုင်းတွေကို ထပ်ရွှေ့ခဲ့ကြရပါတယ်။ လက်ရှိ ဖားကန်မြို့ပေါ်မှာ စစ်ပြေးဒုက္ခသည် ၁ သောင်း ၀န်းကျင်လောက်ရှိပါတယ်။
ဖာကန့်ဒေသ ကေအိုင်အေစစ်ကြောင်းမှူးတဦးကတော့ အစိုးရဘက်က သူတို့ဒေသကို အင်အားတိုးချဲ့လာလို့ တိုက်ပွဲဖြစ်နေရတာလို့ ပြောပါတယ်။ အခုလည်း တဖက်နဲ့ တဖက် စောင့်ကြည့်နေကြတုန်းပဲလို့ ဆိုပါတယ်။
ကေအိုင်အေစစ်ကြောင်းမှူး ဦးလာတွဲက “စစ်တပ်အင်အား၊ စစ်အင်အား၊ လက်နက်အင်အားဖြည့်မှ ကျနော်တို့နယ်မြေကို လက်ဝါးကြီးအုပ်ပြီး လာခဲ့တယ်ဆိုတော့ ကျနော်တို့လည်း ကာကွယ်တဲ့သဘောမျိုးနဲ့ ၂၄ ရက်ကတည်းက စဖြစ်ခဲ့ကြတာ။ အခုလတ်တလော ဖြစ်ပျက်တာက တရွာနဲ့တရွာ၊ တမှော်နဲ့ တမှော်ကြားထဲမှာ ဖြစ်ကြလို့ ဖြစ်တဲ့နေရာကို သူတို့လည်းစောင့်၊ ကျနော်တို့လည်းစောင့် လုပ်နေကြပြီး သူတို့လည်း စစ်အင်အားတွေ ထပ်ဖြည့်ကြ၊ ကျနော်တို့လည်း စောင့်နေကြတာပဲ။”
ကေအိုင်အိုနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေးဟာ ၁၇ နှစ်အကြာ ၂၀၁၁ ခု ဇွန်လလယ်မှာ ပျက်သွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ပြေးကြရတဲ့ ဒုက္ခသည်ဦးရေဟာ ၁ သိန်းလောက်ရှိသွားပြီလို့ ဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှု မရသေးပါဘူး။
