အမေရိကန်ကျောင်းသား သေဆုံးမှုအတွက် မြောက်ကိုရီးယားက ဒေါ်လာ ၅၀၁ သန်းပေးရန် အမိန့်ချ

ဓာတ်ပုံ - Reuters
အမေရိကန် တက္ကသိုလ်ကျောင်းသား အော်တို ဝမ်ဘီယာ နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့မှုအတွက် မြောက်ကိုရီးယား အစိုးရက အမေရိကန်ဒေါ်လာ ၅၀၁ သန်းပေးဖို့ အမေရိကန် တရားရုံးတရုံးက ဒီဇင်ဘာ ၂၄ ရက်မှာ အမိန့်ချလိုက်ပါတယ်။ ဝမ်ဘီယာဟာ မြောက်ကိုရီးယားထောင်ကနေ ကိုမာဝင်နေတဲ့ အခြေအနေနဲ့ ပြန်လွှတ်ပေးခံရပြီး အမေရိကန်ကို ပြန်ရောက်လို့ မကြာခင် ၂၀၁၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းက ဦးနှောက်ထဲ သွေးယိုပြီး အောက်ဆီဂျင် ပြတ်လပ်မှုကြောင့်လို့ အိုဟိုင်းအိုးပြည်နယ် သေမှုသေခင်း စုံစမ်းရေးအရာရှိက ပြောပါတယ်။ သူ့မိဘတွေက သားဖြစ်သူ သေဆုံးမှုအတွက် မြောက်ကိုရီးယား အစိုးရကို ဧပြီလက တရားစွဲခဲ့ပါတယ်။ အော်တို ဝမ်ဘီယာကို နှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနဲ့ ဥပဒေပြင်ပ သတ်ဖြတ်မှု၊ သူ့မိဘ ဖရဒ်နဲ့ စင်ဒီ ဝမ်ဘီယာတို့ကို ထိခိုက်စေမှုတွေအတွက် မြောက်ကိုရီးယား အစိုးရမှာ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံ ကိုလံဘီယာခရိုင် တရားရုံးက တရားသူကြီး ဘာရယ်လ် ဟိုးဝဲလ်က တရားရုံး ကြားနာပွဲမှာ ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရကတော့ ဝမ်ဘီယာ သေဆုံးရတာဟာ အစာအဆိပ်သင့် ဝေဒနာနဲ့ အိပ်ဆေးထိုးမှုကြောင့်လို့ ပြောပါတယ်။ နှိပ်စက်တယ်ဆိုတဲ့ စွဲချက်ကိုလည်း ပယ်ချပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး အထိမခံနိုင် ဖြစ်နေချိန်မှာ ခုလို တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အော်တို ဝမ်ဘီယာဟာ ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယားကို သွားရောက်လည်ပတ်စဉ် အစိုးရ ဝါဒဖြန့်ကြော်ငြာတခုကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့အတွက် မြောက်ကိုရီးယားအစိုးရက သူ့ကို ဖမ်းဆီးပြီး ထောင် ၁၇ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up