ပင်လယ်နက်ကို ရုရှားမပိုင်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးပြော

941
ပင်လယ်နက်ကို ရုရှားနိုင်ငံက မပိုင်ဘူးလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ယူကရိန်း ကာကွယ်ရေးဝန်ကြီးကို ဒီဇင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးဟာ ယူကရိန်းနိုင်ငံကို အလည်အပတ် ခရီးစဉ်အတွင်း ခုလိုပြောလိုက်တာပါ။ ရုရှားကိုရင်ဆိုင်ရာမှာ ယူကရိန်းဟာ အထီးကျန်မဟုတ်ဘူးဆိုတာပြဖို့ ဗြိတိန်အစိုးရဟာ တော်ဝင်ရေတပ် သင်္ဘောတစီးကိုလည်း ယူကရိန်းနိုင်ငံဆီ စေလွှတ်ခဲ့ပါတယ်။
ဝီလျံဆန်ဟာ ယူကရိန်း ကာကွယ်ရေးဝန်ကြီး စတေပန်ပိုတိုရခ်နဲ့ တွေ့ဆုံအပြီး ဗြိတိန် တော်ဝင်ရေတပ်သင်္ဘော HMS အက်ခိုး ကျောက်ချထားတဲ့ သြဒက်ဆာ ဆိပ်ကမ်းကို သွားရောက်လည်ပတ်ပါတယ်။
ရုရှားအစိုးရဟာ အရင်လက ပင်လယ်နက်ထဲမှာ ခုတ်မောင်းနေတဲ့ ယူကရိန်း စစ်သင်္ဘော ၃စီးနဲ့ သင်္ဘောဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပြီး ရုရှားရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ စွပ်စွဲခဲ့ပါတယ်။
ရုရှားရဲ့ စွဲချက်ကို ယူကရိန်းအစိုးရက ငြင်းပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းဆီကနေ ခရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်သိမ်းယူအပြီး ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးခဲ့ပြီးတည်းက ယူကရိန်းနဲ့ ရုရှားဆက်ဆံရေးဟာ ကျွမ်းပြန်ကျဆင်းခဲ့ပါတယ်။