Home
မြန်မာသတင်း
တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အီးယူက ထပ်မံပိတ်ဆို့ ဒဏ်ခတ် အရေးယူ
DVB
·
December 23, 2018
37835205_1802115406504773_5253469014235021312_o
တိုင်းမှူးဟောင်း တဦးအပါအ၀င် မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အရာရှိ ၇ ဦးကို  ပိတ်ဆို့ ဒဏ်ခတ်အရေးယူတဲ့ စာရင်းမှာ ထပ်မံ ထည့်သွင်းလိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)က ကြေညာပါတယ်။ ရိုဟင်ဂျာတွေ၊ လူနည်းစုတိုင်းရင်းသားတွေနဲ့ အရပ်သားတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်တယ်လို့ စွပ်စွဲအရေးယူလိုက်တာဖြစ်ပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတွေထဲမှာ ပိုင်ဆိုင်မှုတွေ ထိမ်းချုပ်တာနဲ့ ခရီးသွားလာမှု တားမြစ်ပိတ်ပင်တာတွေ ပါဝင်တယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထပ်မံ အရေးယူခံရသူကတော့ မြန်မာတပ်မတော် ခလရ ၅၆၄ က တပ်ကြပ်ကြီး ဘကျော်၊ တောင်ဘဇားနယ်ခြားစောင့်တပ်မှူး ထွန်းနိုင်၊ တပ်မ ၉၉ တပ်ရင်းမှူးဟောင်း ဗိုလ်မှူးချုပ် ခင်လှိုင်၊ တပ်မ ၃၃ က ဗိုလ်မှူးအောင်မျိုးသူ၊ ခလရ ၅၆၄ က ဗိုလ်မှူးသန့်ဇော်ဝင်း၊ စေတီပြင် နယ်ခြား စောင့်တပ်မှူးဟောင်း ကျော်ချေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်ညီညီဆွေတို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ညီညီဆွေကို ကချင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲထားပြီး  ဗိုလ်မှူးချုပ် ခင်လှိုင်ကိုတော့ ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲထားကာ ကျန်သူတွေကိုတော့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စွပ်စွဲထားပါတယ်။ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်ထဲမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့  ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာအဖွဲ့က စုံစမ်းတွေ့ချက်တွေနဲ့ တခြားအစီရင်ခံစာတွေ ထွက်လာပြီးနောက် ခုလို အရေးယူ လုပ်ဆောင်တာလို့လည်း အီးယူက ဆိုပါတယ်။ အီးယူအနေနဲ့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း မြန်မာ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့အပါအ၀င် တာဝန်ရှိသူ ၇ ဦးကို ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စွပ်စွဲ ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပြီး  ခုထပ်တိုးလိုက်တဲ့ စာရင်းနဲ့ဆိုရင် အရေးယူခံရသူ စုစုပေါင်း ၁၄ ဦး ရှိနေပြီဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့  အဓိပ္ပါယ်ရှိတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နဲ့ ကဏ္ဍအားလုံးမှာ တိုးတက်အောင် အချိန်မဆွဲပဲလုပ်ဆောင်ဖို့လည်း အီးယူက တောင်းဆိုလိုက်ပါတယ်။ ဒ့ါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့  တာဝန်ယူတာဝန်ခံမှုရှိဖို့၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အေဂျင်စီတွေကို ၀င်ခွင့်ပြုဖို့နဲ့ နေရပ်စွန့်ခွာသွားသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ  နေရပ်ပြန်နိုင်အောင် ဖန်တီးပေးဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။ အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတွေတင်ပို့ရောင်းချမှု ပိတ်ပင်တားဆီး ထားတာကို ၂၀၁၈ ဧပြီ ၂၆ ရက်က ပိုမိုတင်းကျပ်ပြုလုပ်ထားသလို မြန်မာစစ်တပ်ကို သင်တန်းပေးတာနဲ့ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့လည်း ချမှတ် ထားပါတယ်။ ဓာတ်ပုံ-EU
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024