ခန္တီးမြို့တွင် ကောင်းကင်ပေါ်က ကျလာသည့် အရာဝတ္တုတခု  ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ရတနာလမ်း (လေယာဉ်ကွင်းလမ်း)ပေါ်ကို ကောင်းကင်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အမည်မသိအရာဝတ္တုတခု ဒီဇင်ဘာ ၂၂ ရက် မနက် ၆ နာရီခွဲက  ကျလာပါတယ်။ ပြုတ်ကျလာတဲ့အရာက ဖိုက်ဘာကိုယ်ထည်နဲ့ဖြစ်ပြီး အလျား၉ ပေ၊ ၈ လက်မခွဲ၊ အနံ ၂ ပေ၊ ၈ လက်မနဲ့ တခြားတဖက်က ၄ ပေ၊ ၃ လက်မရှိကာ အဲဒီမှာ ပါတဲ့ ဝါယာကြိုးထည့်တဲ့ ပိုက်အရှည်က ၁၃ ပေ၊ ၉ လက်မရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ၂၃ ရက် မနက် ၉ နာရီခန့်အချိန်မှာလည်း မနေ့က တွေ့ရှိတဲ့ အစိတ်အပိုင်းရဲ့ ဆက်စပ်ပစ္စည်းလို့ ယူဆရတဲ့ပစ္စည်းတခုကို ပေါမိုင်းရပ်ကွင်၊ စွမ်းထက်ဆီဆိုင်ရှေ့မှာ ထပ်မံတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက လာရောက်သိမ်းဆည်းသွားပါတယ်။ ခန္တီးမြို့ခံတဦးက"ဒီမနက်တွေ့တာကတော့ သေးတယ်။ ၂ လက်မ လောက်ပဲရှိမယ်။ မနေ့ကလည်း ခန္တီးနဲ့ ၃ မိုင်လောက်အကွာက လာဝယ်ရွာမာ ထပ်တွေ့လို့ဆိုပြီး သက်ဆိုင်ရာက သွားရောက်စစ်ဆေးတာ ဘာမှမတွေ့ခဲ့ဘူး။ ပေါက်ကွဲသံကြားရတာဖြစ်တဲ့အတွက် အခုလိုပဲ အပိုင်းအစတွေ ရှိနေနိုင်သေးတယ်"လို့ ပြောပါတယ်။ မြေပြင်မှာတွေ့ရှိခဲ့တဲ့ပစ္စည်းတွေဟာ ဘယ်ကနေ ဘယ်လို ကျလာတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာကိုတော့  သက်ဆိုင်ရာက အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ တွေ့ရှိထားတဲ့ အပိုင်းအစတွေကိုတော့ ခန္တီးလေဆိပ်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ ခန္တီးစစ်ဗျုဟာကို သယ်ယူသွားပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up