အသင်းတိုင်း မော်ရင်ဟိုကို လိုချင်ကြမှာပါ – ဆာဂျီယို ရာမို့စ်

1K
အသင်းတိုင်းက မော်ရင်ဟိုကို လိုချင်ကြမှာပါလို့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်က ပြောကြောင်း Sport Mole မှာဖော်ပြပါတယ်။
အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တူဂီသားကြီး မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရာမို့စ်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
စပါယ်ရှယ် ဝမ်းလို့ထင်ရှားတဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့သူပါ။ မော်ရင်ဟိုဟာ ရီးရဲလ်အသင်းနဲ့အတူ လာလီဂါ ဖလား ၁ လုံး၊ ကိုပါဒယ်ရေး ဖလား ၁ လုံးကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အခုချိန်မှာလည်း နည်းပြအဖြစ် ရီးရဲလ်အသင်းကို ပြန်ရောက်လာနိုင်တယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေသူဖြစ်ပါတယ်။
မော်ရင်ဟို အသင်းမှ ထွက်သွားတာ ငါးနှစ်ရှိနေပြီဖြစ်ပေမယ့် အခုချိန်ထိ သူ့အကြောင်းကို ရီးရဲလ်အသင်းသားတွေ ပြောနေကြဆဲပဲလို့ ရာမို့စ်က ပြောပါတယ်။
“မော်ရင်ဟိုဟာ အဆင့်အမြင့်ဆုံးမှာ ရပ်တည်နေတဲ့ နည်းပြတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ လူတိုင်းက သူ့ကိုလိုချင်ကြပါတယ်။ ရီးရဲလ်အသင်းဟာ အောင်မြင်မှုတိုင်းကို ဆွတ်ခူးထားပြီးတဲ့ အသင်းဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ လက်ရှိအသင်း နည်းပြကို လေးစားမှုရှိဖို့တော့ လိုအပ်ပါတယ်။”
လက်ရှိနည်းပြ ဆိုလာရီဟာ လေးစားမှုနဲ့ ထိုက်တန်သူတယောက်ဖြစ်တယ်လို့လည်း ရာမို့စ်က ပြောဆိုခဲ့ပါတယ်။
“အခုကျနော်တို့မှာ မော်ရင်ဟိုမရှိပါဘူး၊ ကျနော်တို့မှာ ဆိုလာရီရှိပါတယ်။ ဒါ့ကြောင့် ဆိုလာရီနဲ့ ကျနော်တို့ ဘယ်လိုအောင်မြင်မှုတွေရရှိနိုင်မလဲဆိုတာ ဆက်ကြည့်ရမှာဖြစ်ပြီး နောက်ပိုင်းမှာမှ မော်ရင်ဟိုအကြောင်းကို ပြောကြတာပေါ့။ ကျနော်ကို ခင်ဗျားတို့ရဲ့ ကောလာဟလ ကစားပွဲကြီးထဲ ဆွဲမထည့်ပါနဲ့။”
အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုကို တခြားသော ထိပ်သီးအသင်းပေါင်းများစွာကလည်း စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။