ဒုရဲမှူးမိုးရန်နိုင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်သူဆု ရရှိ
ပြည့်ဘုန်းအောင်
·
December 22, 2018
ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာကြောင့် ထောင်ဒဏ်ချခံနေရတဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပန်မြန်မာအဖွဲ့ကနေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်သူဆုအတွက် ရွေးချယ်ပေးလိုက်ပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ဟာ လက်ရှိမှာတော့ ရဲစည်းကမ်း ဥပဒေဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရသလို နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့လည်း တရားစွဲဆိုခံထားရပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ရုံးချိန်းမှာ သတတင်းထောက်တွေဟာ ထောင်ချောက်ဆင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီးနောက် မိသားစုဝင်တွေဟာလည်း နေအိမ်လိုင်းခန်းကနေ ဖယ်ပေးခဲ့ရပါတယ်။
အခုလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုကာကွယ်မှုကြောင့် ထောင်ဒဏ်ချခံရတဲ့အတွက် ပန်မြန်မာအဖွဲ့ရဲ့ပဉ္စမမြောက် နှစ်ပတ်လည်ညီလာခံကနေ ရွေးချယ်ပေးလိုက်တာပါ။
“အမှန်တရားအတွက် ရပ်တည်ပြီး ကိုယ်ရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့ ပုဂ္ဂိုလ်တယောက် အကျဉ်းထောင်ထဲရောက်သွားတာ ဘယ်သူကမှ ဘယ်ကမှ လိုက်ပိုက်ကြည့်နေတာကို မဖြစ်စေရအောင် ကျနော်တို့လုပ်ခဲ့တာပါ။ ပန်မြန်မအနေနဲ့က လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ ပြောဆိုခွင့်ကို ကာကွယ်ဖို့နဲ့မြှင်တင်ဖို့က အဓိက ရည်ရွယ်ချက်ပါ။ ၀န်ထမ်းတယောက်အတွက် အကျဉ်းချခံရနိုင်တယ်။ နောက်ဆက်တွဲဘေးတွေ တွေ့မယ်ဆိုတာသိပေမယ့်လည်း သူဟာ အမှန်တရားအတွက် ရပ်တည်တယ်။ သူရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ကာကွယ်သွားတယ်။ အဲဒီအတွက် သူအကျဉ်းကျခံရတယ်။ နောက်ဆက်တွဲ မိသားစုတွေပါ ဒုက္ခရောက်ခဲ့ရတာ။ အဲဒါတွေကြောင့် ဒီဆုကိုရွေးချယ်ပေးခဲ့တာပါ” လို့ ဥက္ကဋ္ဌ ဖြစ်သူ ဦးမျိုးမြင့်ညိမ်းက ဆိုပါတယ်။
ပန်မြန်မာအဖွဲ့ကတော့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုမှုနဲ့ပက်သက်ပြီး ကာကွယ်ခြင်းနဲ့ မြှင့်တင်ခြင်းကိစ္စတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပါ။ ဒီဆုကိုတော့ တနှစ်မှာ တခါရွေးချယ်ပေးအပ်တာဖြစ်ပြီး ဆုကို ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေက တက်ရောက်ယူမှာပါ။