DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းကောင်စီဖွဲ့စည်းရေး သတင်းစာဆရာများနှင့် ၀န်ကြီးတွေ့
DVB
·
September 9, 2012
စာနယ်ဇင်းကောင်စီဖွဲ့စည်းရေး သတင်းစာဆရာများနှင့် ၀န်ကြီးတွေ့
Donate to DVB

စာနယ်ဇင်းကောင်စီ ယာယီဖွဲ့စည်းနိုင်ဖို့နဲ့ စာနယ်ဇင်းတွေ တရားစွဲဆိုခံနေရတဲ့ ကိစ္စတွေ ကို  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဟာ  မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကိုကို၊ မြန်မာဂျာနယ်လစ် ကွန်ရက်က တာဝန်ရှိသူတွေနဲ့ ဒီရက်ပိုင်းအတွင်း သီခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မနေ့ ညနေ ၅ နာရီ ရန်ကုန်မြို့ပြည်လမ်းရှိမြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ဧည့်ခန်းမှာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း  ဦးကိုကိုနဲ့  တဦးချင်း သီးသန့် တွေ့ဆုံခဲ့တာလို့ ဦးကိုကိုက ပြောပါတယ်။

[caption id="attachment_30533" align="alignleft" width="300" caption="မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်"][/caption]

ဦးကိုကိုက “နံပါတ်တစ်ကတော့ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဆွေးနွေးပါတယ်။ နှစ်ကတော့ မီဒီယာဥပဒေကျမ်းကိစ္စ ကျနော်တို့ ဆွေးနွေးပါတယ်။ နံပါတ် ၃ ကတော့ စာနယ်ဇင်းတချို့ တရားစွဲဆိုခံနေရတဲ့ ကိစ္စကို ဆွေးနွေးပါတယ်။ လောလောဆယ် ဖြစ်တဲ့ကိစ္စမှာ ၀န်ကြီးအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေး ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ၀န်ကြီးကလည်း တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ၀န်ကြီးပြောတာက စာနယ်ဇင်းကောင်စီသာ စောစောစီးစီး ရှိလာမယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာနိုင်စရာ မရှိဘူး။ အမှုကိစ္စတွေကို ကြိုတင်ပြီး ညှိနှိုင်းပေးလို့ ရနိုင်တယ်လို့ ပြောပါတယ်။”

ဒီတွေ့ဆုံဆွေးနွေးမှုအပေါ်ကို အကောင်းမြင်သလို ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အမြင်ကိုလည်း အခုလို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုက တော်တော်လေးကောင်းပါတယ်။ ပြည်ထောင်စုဝန်ကြီးကို ကြည့်ရတာ ကျနော်တို့ မီဒီယာလောကကို ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒ ရှိပုံရပါတယ်။ တကယ်တမ်း ဒီမိုကရေစီနိုင်ငံမှာ မီဒီယာလောကကို မီဒီယာလောကသားတွေကပဲ ထိန်းကျောင်း ကွပ်ကဲပြီး ဆောင်ရွက်သွားရမှာပါတဲ့။ အဲဒါကြောင့် စာနယ်ဇင်းကောင်စီတွေ ဖြစ်လာရင် ကိုယ့်ဘာသာ ကျင့်ဝတ်တွေဆွဲပြီး ကိုယ့်ဘာသာ လေးစားလိုက်နာရင်ပြီးပြီတဲ့။ အစိုးရအနေနဲ့ ဘာမှ ၀င်ရောက် ပတ်သက်စရာ မရှိဘူးတဲ့။ ကျနော်တို့ တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာမယ် လို့ မျှော်လင့်ပါတယ်။”

အလားတူ ဒီနေ့ မနက်ပိုင်းမှာလည်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာ မြန်မာ ဂျာနယ်လစ်ကွန်ရက် (MJN) အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်၊ အလုပ်အမှုဆောင် မတင်ဇာဇော်တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းကောင်စီအတွက် ယာထားတဲ့ လူစာရင်းနဲ့ အခြေခံမှုများကို  ပြသပြီး အဖွဲ့သဘောထားကို တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က “စာနယ်ကောင်စီရဲ့ တာဝန်ဝတ္တရား အကြမ်းပဲ ရှိပါသေးတယ်။ နောက်ထပ် ဆက်ဆွေးနွေးလို့ လျော့သွားတာတွေလည်း ရှိနိုင်သေးတယ်။ အဲဒါကို ဖတ်ကြည့်တာတော့ လောလောဆယ်တော့ ကျနော်တို့ သဘောတူတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးလည်း ချပြခဲ့တယ်လို့ ဆိုပါတယ်။

“စာနယ်ဇင်းကောင်စီအရင်ဖွဲ့မယ်။ ပြီးမှ မီဒီယာဥပဒေရဲ့ frame work ကို ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပေးမယ်။ အဲဒါကို အကြမ်းပေါ့ ပထမမူကြမ်းမတိုင်ခင် အဆင့်ပေါ့။ အဲဒါကို ဆွဲပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ပေးမယ်။ အဲဒါကိုမှ ပြန်ကြားရေးဝန်ကြီးက ပထမမူကြမ်းကို ဆွဲပြီး မီဒီယာနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲလေး ကျယ်ကျယ်ပြန့်ပြန့် လုပ်လိမ့်မယ်။ အဲဒီက အကြံပြုဆွေးနွေးတာတွေကို နောက်တဆင့် ပြင်ဆင်ရေးဆွဲပြီးမှ သမ္မတဆီ တင်မယ်လို့ ပြောပါတယ်။”

စာနယ်ဇင်းကောင်စီကို မဖွဲ့စည်းခင် ချပြဆွေးနွေးပြီး သဘောထားတွေ တောင်းခံခဲ့တဲ့အတွက် အခု ဖွဲ့စည်းမယ့် စာနယ်ဇင်းကောင်စီဟာ အဆင်ပြေစွာ ဖွဲ့စည်းနိုင်လိမ့်မယ်လို့လည်း ဦးမြင့်ကျော်က သုံးသပ်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013