DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူများ မသွားနိုင်ရန် မုံရွာ-ညောင်ပင်ကြီး စက်လှေဆိပ် ပိတ်၊ ၁၂ ဦး ဖမ်းဆီးခံရ
DVB
·
September 10, 2012
ဆန္ဒပြသူများ မသွားနိုင်ရန် မုံရွာ-ညောင်ပင်ကြီး စက်လှေဆိပ် ပိတ်၊ ၁၂ ဦး ဖမ်းဆီးခံရ
Donate to DVB

အာဏာပိုင်တွေက ဆန္ဒပြပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင်က ဆန္ဒပြသမားတွ မုံရွာမြို့ဘက်ကို မ၀င်လာနိုင်အောင် မုံရွာ-ညောင်ပင်ကြီး ချင်းတွင်းမြစ်ကူး စက်လှေတွေ မထွက်ဖို့ တားမြစ်ထားပါတယ်။

[caption id="attachment_30550" align="alignleft" width="300" caption="မသွဲ့သွဲ့ဝင်းနှင့် ရဲအရာရှိတဦး စကားအခြေအတင် ပြောနေစဉ်"][/caption]

ဆားလင်းကြီးဒေသ လက်ပန်းတောင်းတောင်က ဆန္ဒပြသမားတွေဟာ မုံရွာမြို့ပေါ်မှာ ဘုရားဝတ်ပြုဆုတောင်းဖို့ မြစ်ဆိပ်ကိုအသွားမှာ စက်တင်ဘာ ၉ ရက်နေ့ကစလို  စက်လှေတွေ မထွက်ဖို့ပိတ်တာဖြစ်ပါတယ်။

လက်ပန်းတောင်းတောင်အနီးက တောင်သူတွေဟာ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် ရွာတွေ ဖယ်ခိုင်းခံရလို့ မကျေနပ်လို့ ဆန္ဒပြနေတာ လနဲ့ချီရှိပြီဖြစ်ပါတယ်။

သူတို့ဆန္ဒကို လူသိရှင်ကြားဖြစ်အောင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအသစ် အဖြစ် မုံရွာမြို့က ဆုတောင်းပြည့် ဘုရားကြီးရင်ပြင်တော်မှာ ၀တ်ပြုဆုတောင်းပွဲလုပ်ဖို့ စီစဉ်ကြတာဖြစ်ပြီး မြစ်မကူးနိုင်အောင် ဒေသအာဏာပိုင်တွေက စက်လှေတွေကို ပိတ်ပင်ထားတယ်လို့  ၀က်မှေးကျေးရွာ ဒေသခံတဦးက ပြောသည်။

“ဒီနေ့လည်း ကျနော်တို့ ဆုတောင်းပြည့်ဘုရားကြီးကို သွားပြီးတော့ ၀တ်ပြုဆုတောင်းတာ။ မနေ့ကလည်း လာတယ်။ ဒီနေ့လည်း လာတယ်။ စက်လှေကို မနေ့ကရော ဒီနေ့ရော ပိတ်ထားတယ်။ ခရိုင်ရဲမှူးကြီးက ပိတ်ခိုင်းထားလို့ စက်လှေတာဝန်ခံက ပြောတယ်ဗျ။”

၂ ရက်ဆက်တိုက် စက်လှေတွေကို ပိတ်ပင်ထားတဲ့အတွက် မုံရွာသွားမယ့် ခရီးသည်တွေပါ အခက်အခဲ ဖြစ်နေကြတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။

“စက်လှေတွေကို အကုန်ပိတ်ထားတဲ့အခါကျတော့ ခရီးသွားတွေ အခက်အခဲ ဖြစ်နေတယ်ဗျ။ မနက်ကတည်းက ပိတ်ထားတော့ ဒီလိုပဲ ထိုင်စောင့်နေရတာပေါ့။”

ညောင်ပင်ကြီး မြစ်ဆိပ်မှာ တားမြစ်ထားသလို  ချင်းတွင်းမြစ်ကူး တံတား (မုံရွာ) မှာလည်း ရဲအင်အားတိုးမြှင့်ချထားပြီး အနောက်ဘက်ကမ်း လာတဲ့ ဆိုင်ကယ်တွေ မော်တော်ယာဉ်တွေကိုလည်း စစ်ဆေးနေတယ်လို့ မုံရွာအခြေစိုက် သတင်းထောက်တဦးက သူမြင်တွေခဲ့ရတာတွေကို အခုလို ပြောပါတယ်။

“သူတို့ဘက်ကတော့ စက်လှေဘက်ကိုလည်း ပိတ်ထားတယ်။ တံတားပေါ်မှာလည်း လုံခြုံရေးတွေ၊ ရဲတွေ အများကြီး ချထားတယ်။ တံတားဘက်က ပတ်သွားတဲ့သူတွေကိုလည်း တော်တော်လေး ဒုက္ခရောက်ကြတယ်။ စက်လှေကိုလည်း ပိတ်ထားတယ်။ တံတားဘက်မှာလည်း ဆိုင်ကယ်တွေကိုရော ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ကျပ်နေတယ်ဗျ။”

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကလည်း မုံရွာမြို့ဘက်ခြမ်းက ဆုတောင်းပြည့် ဘုရားကြီးရင်ပြင်တော်မှာ ၀တ်ပြုဆုတောင်းပွဲ သွားသူ ဆန္ဒပြ အမျိုးသမီး မသွဲ့သွဲ့ဝင်းအပါအ၀င် ၁၂ ဦးကို နန်ချွန်ဆိပ်ကမ်းမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“၁၂ ယောက်ဖမ်းတာကို ၁၀ ယောက် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ မသွဲ့သွဲ့ဝင်းနဲ့ မအေးနက်ကို ပြန်မလွှတ်ပေးဘူးလို့ပြောတယ်။ ဒီဘက်ကလည်လူတွေကလည်း လုံးဝ လက်မခံနိုင်ဘူး။ ၁၀ ယောက်ကလည်း မထွက်ဘူး၊ ကျမတို့ကိုပါဖမ်း၊ ၁၂ ယောက်လုံး မလွှတ်ပေးဘူးဆိုရင် ကျမတို့လည်း နေမယ်ဆိုတဲ့ပုံစံ။”

တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နဲ့ တရုတ်အမျိုးသားပိုင် ၀မ်ပေါင် ကုမ္ပဏီတို့ကနေ လက်ပန်းတောင်းတောင်ဒေသက လယ်ယာမြေ ဧက ၇၈၀၀ သိမ်းယူတဲ့အပေါ်ကို တောင်သူတွေကို ဆန္ဒပြ ဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013