DVB Logo
Home
မြန်မာသတင်း
ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံ ပြန်ခွင့်ရ
DVB
·
September 7, 2012
ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံ ပြန်ခွင့်ရ
Donate to DVB

တရုတ်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ နေထိုင်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောကို မြန်မာနိုင်ငံ ပြန်လာဖို့ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

[caption id="attachment_30529" align="alignleft" width="300" caption="ဗိုလ်မှူးချုပ်ကျော်ဇော"][/caption]

ရဲဘော်သုံးကျိပ်ဝင် တဦးဖြစ်တဲ့အတွက် ပြုစုစောင့်ရှောက်တဲ့ သမီးဖြစ်သူ ၂ ဦးနဲ့အတူ အသက် ၉၃ နှစ်အရွယ် ဗိုလ်မှူးချုပ်ကျော်ဇောကို ပြန်လာဖို့ မနေ့က ဖုန်းနဲ့ နိုင်ငံတော် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဖုန်းဆက် အကြောင်းကြားခဲ့တာလို့ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမြော်လိုတယ်ဆိုတဲ့ ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ ဆန္ဒတွေဟာလည်း မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပြီးတော့ အခုလို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောက “ကျမတို့က ဒီလို ပြန်ကြားထားပါတယ်။ တခုက ကျေးဇူးတင်တဲ့အကြောင်း ဖိတ်ကြားတာကို။ ဒုတိယက ဖေဖေက ရဲဘော် သုံးကျိပ်ဝင်ဖြစ်ပေမယ့်လို့ တရုတ်ပြည်မှာ နိုင်ငံရေးခိုလှုံခွင့်ယူပြီး နေနေတဲ့ အခြေအနေက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ဟောင်းတယောက် အနေနဲ့ နေနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ညှိနှိုင်းဖို့ ဆွေးနွေးဖို့ တိုင်ပင်ဖို့တွေ ရှိပါသေးတယ်။ သူတို့ကတော့ လာနေဖို့ပါ ဖိတ်တာပါ။ ဆေးဝါးကုသပေးရေးတွေ ဘာတွေလုပ်ထားပေးရမလဲ။ ဘာတွေလိုအပ်မလဲ လိုအပ်ချက်အားလုံးကို သူတို့ဖြည့်ဆည်းပေးပါမယ် ပြောပါတယ်။ ရဲဘော် သုံးကျိပ်ဝင်ကတော့ မြန်မာပြည်မှာ အင်မတန်နည်းပါးနေပြီကိုး၊ ၂ ယောက်ပဲကျန်တာပေါ့။ တိုင်းပြည် ပြင်ပရောက်နေတာ ဖေဖေ တယောက်ပဲဖြစ်တာ။ အဲတော့ ရဲဘော် သုံး ကျိပ်ဝင်ဆိုတာလည်း ဗမာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ သူတွေဖြစ်တယ်။ ဗမာ့လွတ်လပ်ရေး သမိုင်းမှာ ထင်ရှားခဲ့တဲ့လူတွေဖြစ်တယ်။ ဒါကြောင့် ဒါကို အလေးထားတဲ့အနေနဲ့ စဉ်းစားတာဖြစ်နိုင်တယ်။ နောက် ဦးသိန်းစိန် အစိုးရလက်ထက်မှာ သူက နိုင်ငံခြားရောက်နေတဲ့ ဗမာပြည်သူပြည်သားတွေအားလုံးကို ပြန်လာစေချင်တယ်။ ပြန်လာဖို့ ဖိတ်ကြားတယ်၊ ဆိုတော့ ကျမတို့တွေ မပါတာကိုလည်း သူတို့အနေနဲ့ သိပ်မသင့်တော်ဘူး ထင်လို့ ဖိတ်တာလည်း ဖြစ်နိုင်ပါတယ်။”

ပြန်ရမယ့် ရက်ကို သတ်မှတ်ရခြင်း မရှိသေးသလို လက်ရှိအခြေအနေမှာတော့ ဗိုလ်မှူးချုပ် ကျော်ဇောဟာ အရေးပေါ်လူနာခန်းထဲမှာ ဆေးကုသခံနေ ရတဲ့အတွက်လည်း အခြေအနေကို နောက်မှ ဆက်ဆွေးနွေးနိုင်မယ်လို့ အကြောင်း ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သားဖြစ်သူ ဦးအောင်ကျော်ဇောကိုတော့ ပြန်လာဖို့ ဖိတ်ခေါ်ရာမှာ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဇောကို ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာမှာ အဘ ဦးပန်း၊ အမိဒေါ်တင့်တို့က မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက်အနက် ဒုတိယ မြောက်လည်း ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဇောဟာ ၁၉၄၁ ခုနှစ် ဧပြီ ၁၃ ရက်နေ့က ဂျပန်မှာ စစ်ပညာသင်ကြားဖို့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့ပါတယ်။ ၁၉၅၇ ဧပြီမှာ ဗမာ့တပ်မတော်မှ ထုတ်ပယ်ခံရပြီး ၁၉၇၆ မှာ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်ကို မိသားစုနဲ့အတူ ထွက်ခွာလာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013