Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း စည်ပင်ကို ကန့်ကွက်ဆန္ဒပြ
DVB
·
December 21, 2018
စစ်ကိုင်းတိုင်းအတွင်းက စည်ပင်သာယာရေးအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှု မရှိတာကြောင့် မြို့နယ်အချို့က အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က မုံရွာမြို့မှာ လှည့်လည်ဆန္ဒပြပါတယ်။ မြို့နယ်တွေရဲ့ စည်ပင်သာယာရေးကဏ္ဍလုပ်ဆောင်ရာမှာ စီမံခန့်ခွဲမှုအားနည်းတာ၊ ဘက်ဂျက်ကိစ္စ ပွင့်လင်းမြင်သာမှုမရှိတာ၊ ပြည်သူနဲ့ ထိတွေ့မှုနည်းတာ၊ တချို့ကိစ္စတွေမှာ အဂတိ လိုက်စားတာတွေ ရှိနေတာကြောင့် အချိန်မီပြင်ဆင်နိုင်ဖို့အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ တဦးက ပြောပါတယ်။ ဆန္ဒပြပွဲမှာ စီမံခန့်ခွဲမှု အလွဲတွေ ပြုပြင်ပြောင်းလဲပေးရေး၊ ဘက်ဂျက်ကိစ္စ ပွင့်လင်းမြင်သာရေး၊ အဂတိမကင်းတဲ့ တာဝန်ရှိသူတွေ အရေးယူပေးရေး၊ စည်ပင်ကဏ္ဍ စီမံခန့်ခွဲတဲ့ တာဝန်ရှိသူတွေ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ စည်ပင်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ထောက်ပြတာ ဖြစ်တာကြောင့် အခုလိုတောင်းဆိုဆန္ဒပြတာကို ကြိုဆိုတယ်လို့ တိုင်းစည်ပင် ညွှန်ကြားရေးမှုး ဦးသစ်ထူးမြင့်က ပြောပါတယ်။ ဘက်ဂျက်ကိစ္စတွေနဲ့ပတ်သက်ပြီး မြို့နယ်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မြင်သာတဲ့နေရာတွေမှာ အရအသုံးငွေစာရင်းကို ဗီနိုင်းဆိုင်းဘုတ်တွေ စိုက်ထူထားကြောင်း၊ အဂတိနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အချက်မလက်အပြည့်အစုံနဲ့ တိုင်ကြားနိုင်ကြောင်း၊ စီမံခန့်ခွဲတာနဲ့ပတ်သက်ပြီး မလွဲဘူးလို့ ယူဆကြောင်းလည်း ပြောပါတယ်။ ဆန္ဒပြပွဲမှာ မုံရွာအပြင် ကောလင်း၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ပုလဲ၊ ပင်လည်ဘူး၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေက ပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024