Home
အထွေထွေ
ရေးထုံးသတ်ပုံ နည်းမျိုးစုံ (သုတကဖေး)
DVB
·
December 19, 2018
ဆရာကြီးမင်းသုဝဏ်က “မြန်မာစာအဘိဓာန်” ပြုစုဖို့ မြန်မာဝေါဟာရတွေ စတင်စုဆောင်းပါတယ်။ ဒီလိုစုဆောင်းတဲ့အခါ တွေ့ရတဲ့ အခက်အခဲကို ဆရာကြီးက “ဝေါဟာရတလုံးကို အက္ခရာအမျိုးမျိုး၊ အသတ်အမျိုးမျိုးနဲ့ ရှိနေတာကို တွေ့ရတယ်။ လက်တွေ့ဆရာများရဲ့ ရေးထုံး၊ သတ်ထုံးကတမျိုး၊ ပညာရှင်များရဲ့ ရေးထုံးသတ်ထုံးက တမျိုး၊ အာဏာရှင်များရဲ့ ရေးထုံးသတ်ထုံးတမျိုး၊ စာအုပ်ပုံနှိပ်တဲ့အခါ စာပြင်ဆရာများက ပြင်ဆင်ပြုလုပ်တဲ့ ရေးထုံးသတ်ထုံးကတမျိုး အမျိုးမျိုးဖြစ်နေတာမို့ တခါတခါ အတော်ပဲ သို့လောသို့လော တွေးတောဒွိဟဖြစ်မိတယ်။” လို့ ညည်းဖူးတယ်။ ဆရာမင်းသုဝဏ် ညည်းမယ်ဆိုလည်း ညည်းချင်စရာပါ။ ဆရာကြီး စိတ်ညစ်ညူးစွာ ညည်းညူတဲ့ကာလကို တွက်စစ်ကြည့်တော့ “လူတော်လူကောင်း” ကို “လူကောင်းလူတော်” လို့ ပြောင်းလဲလိုက်တဲ့ ကာလပေါ့။ “တခု” ဆိုတဲ့ရေးထုံးကို “တစ်ခု” လို့ ရေထုံးပြောင်းလဲလိုက်တဲ့အချိန်၊ “ဆနွင်း”ကို “နနွင်း”လို့ ပြောင်းလဲလိုက်တဲ့အချိန်လို့ ယူဆရဟန်ရှိပါတယ်။ ရေးထုံးတွေကို အမိန့်အာဏာနဲ့ ပြောင်းလဲချိန်မှာ ပြောခဲ့တာပါ။ ဆရာကြီးပြောသလိုပဲ ရေးထုံးတွေကို ပညာရှိတွေသာမက အာဏာရှင်တွေက ဘုမသိ ဘမသိ အမိန့်အာဏာနဲ့ ပြောင်းလဲခဲ့တာတွေကလည်း သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။ ရေးထုံးသတ်ထုံးတွေသာမက ဝေါဟာရတွေကိုပါ အမိန့်အာဏာနဲ့ ပြောင်းလဲ သတ်မှတ်ခဲ့တာတွေလည်း အထင်အရှား ရှိခဲ့တာပဲမဟုတ်လား။ မိဖုရားမယ်နုဆိုရင် သစ်ရွက်နုတာတောင် နုတယ်လို့ မပြောရဘဲ “ထွတ်” တယ်လို့ ပြောရမယ်ဆိုတဲ့ အမိန့်တော်မြတ်ကြီး ချမှတ်ခဲ့သေးတယ်လို့ ပါးစပ်ရာဇဝင်တွေမှာ ဆိုခဲ့ဖူးတာပဲလေ။ မန္တလေးခေတ်အခါက သီပေါဘုရင်ရဲ့ မိဖုရားကြီး ဓားထက်စဉ်ကလည်း မရိုသေစကား ပြောရဦးမယ်။ “ဖင်” နဲ့ “ဖာ” ကလွဲရင် အားလုံး “ဘ” ကုန်းနဲ့ စာလုံးပေါင်းရမယ်လို့ အမိန့်ထုတ်ခဲ့သေးတာကလား။ သူက “ဖ”ဦးထုပ် အရေးအသားကို အလွန်စက်ဆုပ်ဆိုပဲ။ “တန်ဖိုး” ကို “တန်ဘိုး” လို့ ရေးရတဲ့ခေတ်။ “အဖိုး” ကို “အဘိုး” လို့ ရေးရသတဲ့။ ဒါက ပါးစပ်ရာဇဝင်မဟုတ်ဘူး။ မြန်မာသဒ္ဒါနည်းအနက်နည်းကျမ်း စာမျက်နှာ (၄၃) မှာ အတိအလင်း ဖော်ပြထားတာ။ ဒီဝေါဟာအသုံးရဲ့ဂယက်က အခုထိ ရိုက်ခတ်နေဆဲပါပဲ။ ရှင်မဟာရဋ္ဌသာရက “နက်ဖြန်နက်ဖြန် အဖန်ဖန်လျှင်” လို့ ကဗျာဖွဲ့သလို ရှင်တေဇောသာရကလည်း “နက်ဖြန်နံနက်” လို့ ရေးဖွဲ့ခဲ့တယ်။ ဒါပေမယ့် တောင်ငူရောက်မင်းက “နက်ဖြန်” ဆိုလျှင် သန်ဖျက်မဖြစ်ရာပြီလော။ "နက်ဖန်" ဟုသာ ရေးသားခေါ်ဝေါ်စေလို့ အမိန့်တော်ထုတ်ဆင့်ခဲ့လို့ တချို့ဆိုရင် အခုချိန်ထိ နက်ဖန်ဆိုတဲ့ ဝေါဟာရကို သုံးစွဲပြောဆိုနေတာကို တွေ့နိုင်ပါသေးတယ်။ အခုတော့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ “နက်ဖြန်” ဆိုတဲ့အသုံး ရှိနေတာကို တွေ့ရတယ်။ တခါ ပညာရှိအချင်းချင်း ငြင်းခုန်ခဲ့ကြပြီး ရေးထုံးလုပ်ခဲ့ရတာတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒီမှာလည်း မှတ်သားစရာ စကားလေးတခွန်းရှိတာမို့ ပြောချင်သေးတယ်။ အခုရေးထုံးတခုဖြစ်တဲ့ “ထဘီ” ကို “ဌဘီ” အဖြစ် ရေးဖို့ ဝန်စုပုဂ္ဂိုလ်တဦးက ပါဠိမှာ “ဋ္ဌာ” ဓာတ်သည် ရပ်ခြင်း၊ ထိုင်ခြင်း၊ နေခြင်း၊ တည်ခြင်းအနက်ရှိတဲ့အတွက် ထဘီကို ဌဝမ်ဘဲနဲ့သာ ရေးသင့်ကြောင်း” အထောက်အထားပြ ငြင်းဆိုခဲ့ဖူးတယ်။ သူက “ပါဠိ” ဘက်ကို ငဲ့ပြီး ပြောခဲ့ဟန်ပါပဲ။ ဒါပေမယ့် ကင်းဝန်မင်းကြီးက “မြန်မာဘာသာမှာ ပါဠိဘာသာ ဝင်မစွက်နဲ့” လို့ ဟန့်တားပြီး ပြောခဲ့တဲ့အတွက် အခု ကျနော်တို့သုံးနေတဲ့ “ထဘီ” ဆိုတဲ့စာလုံးပေါင်း ဖြစ်ခဲ့တာ။ သဘာဝယုတ္တိနဲ့ညှိပြီး ဦးပုညကလည်း “လင်းတ” ငှက်ဟာ အရုပ်ဆိုး အကျည်းတန်တဲ့အတွက် အက္ခရာထဲမှာ အရုပ်ဆိုးတဲ့ ဠကြီးနဲ့သာ “ဠင်းတ” လို့ စာလုံးပေါင်းသင့်ကြောင်း စောဒက တက်ဖူးသေးတယ်။ ဒါကိုကြည့်ရင် ကျနော်တို့ရဲ့ စာလုံးပေါင်းသတ်ပုံဟာ မြန်မာအငွေ့နဲ့ တည်ဆောက်ရတဲ့ စာလုံးပေါင်း သတ်ညွှန်းတခုအဖြစ် နားလည်လို့ရပါတယ်။ တကယ်တော့ မြန်မာစာပေါ်လာတာ နှစ်ပေါင်း ၉၀၀ ကျော် ရှိခဲ့ပါပြီ။ မြန်မာစာလုံးပေါင်းသတ်ပုံ ရေးထုံးတွေဟာ ကျောက်စာ၊ ပေစာ၊ မင်စာကတဆင့် ပုံနှိပ်စာကို ကူးရတာပါ။ ဒါ့အပြင် မြန်မာစာပေ ပေါ်ဦးစကလည်း ပါဠိနဲ့ သက္ကတစာပေရဲ့ လွှမ်းမိုးမှုက အားကြီးခဲ့လေတော့ သူသန်ရာသန်ရာ ပေါင်းစပ်ကြရင်း အခြေတည်ခဲ့ရတာ။ ကျောက်စာရေးထိုးရာမှာ အကန့်အသတ်တချို့ ရှိခဲ့တော့ ပေထက် အက္ခရာတင်ရာမှာလည်း ရေးဟန်အပြောင်းအလဲ ရှိခဲ့တာပါပဲ။ ဒီလိုပဲ ပေထက်အက္ခရာကနေ ပုံနှိပ်စာဖြစ်တော့လည်း မတည်ငြိမ်တဲ့ စာလုံးပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီမှာ တချက်သတိထားရမှာက “စာလုံးပေါင်းနဲ့သတ်ပုံ” ဆိုတာပဲ။ အပိုင်း (၂) ခုပါ။ စာလုံးပေါင်းအရာမှာ မျိုးစုံရှိခဲ့ဖူးတယ်။ ဥပမာ “ပုရှား” လို့ ကျောက်စာမှာ ရေးထိုးခဲ့တာကို “ဖုရား” လို့ စာလုံးပေါင်းတာမျိုးရှိပေမယ့် “သတ်ပုံ” မှာတော့ အပြောင်းအလဲ သိပ်မရှိဘူးလို့ ဆိုပါတယ်။ အစပိုင်းမှာတော့ အသတ် (၂၂) လုံး ရှိတယ်လို့ ရှင်ဥက္ကသမာလာက ဖော်ပြခဲ့ဖူးတယ်။ အခုကျန်ရှိတာက က၊ င၊ စ၊ ည၊ တ၊ န၊ ပ၊ မ ဆိုတဲ့ အသတ် (၈) ခုပဲ ကျန်ရှိပါတော့တယ်။ ဒါဟာ မြန်မာမှုအသုံး ရေးထုံးသတ်ထုံးအဖြစ် ကျန်ရှိတာပါ။ အချုပ်ပြောချင်တာက မြန်မာရေးထုံးမှာ ပါဠိဘာသာက ယူပေမယ့် မြန်မာရေးထုံးအဖြစ် ပြောင်းလဲခဲ့ရတာ တွေ့နိုင်တယ်။ အချို့သောရေးထုံးတွေကို အာဏာရှင်က ပြုပြင်ခဲ့ပေမယ့် အဲ့ဒီအာဏာရှင် မရှိတော့အချိန်မှာ မမှန်ကန်တဲ့ ရေးထုံးတွေကို ပညာရှင်များက အမှန်အတိုင်း ပြောင်းလဲသုံးစွဲခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ကြောင်းတို့ကို တွေ့ရပါတယ်။ တချိန်က ပေါ်ခဲ့ဖူးတဲ့ မြန်မာစာကော်မရှင်သည်ပင် ရေးထုံး မကြာခနပြောင်းလဲနေတာ တွေ့ရတယ်။ စာရေးသူကိုယ်တိုင် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို ၁၉၇၈ ခုနှစ်တည်းက ထုတ်ခဲ့တဲ့ သတ်ပုံကျမ်းကအစ အနည်းဆုံး သုံးလေးအုပ် ဝယ်ယူပြောင်းလဲဖူးတယ်။ နောက်တော့ မကြာခန အမျိုးမျိုး ပြောင်းလဲမှတ်သားရပါများတော့ ဒီအပေါ်မှာ သိပ်အလေးမထားဖြစ်တော့ဘူး။ ဒီနေ့ ဆိုရှယ်မီဒီယာတွေပေါ်လာတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားကြတဲ့ စာလုံးပေါင်းသတ်ပုံတွေဟာလည်း အသုံးပြုရာ စာလုံးတွေ (Font) ပေါ်မူတည်ပြီး အကန့်သတ်ခံနေရဟန် ရှိပါတယ်။ နောက်တခုက အသုံးပြုရာပစ္စည်း (Screen) ရဲ့ အကန့်အသတ်ကလည်း ရှိနေတယ်။ ဒီမှာပဲ အတိုဆုံး အလွယ်ကူဆုံးနဲ့ ချုံ့လို့ရတဲ့ဟန်ဆီ တဖြည်းဖြည်း ကူးပြောင်းလာခဲ့တယ်။ စာလုံးပေါင်းသတ်ပုံ အရေးအသားကအစ ပြောင်းစပြုနေတာကို တွေ့လာရတယ်။ အရင်ကရှိခဲ့တဲ့ အစိုးရပြဋ္ဌာန်းချက် စာလုံးပေါင်းတွေ သတင်းစာတိုက် စာပေတိုက်မှာ သုံးစွဲဖူးတဲ့ တိုက်ပိုင်မူတွေ (House Style) ဟာ ဆိုရှယ်မီဒီယာရဲ့ ဖေ့စ်ဘွတ်ခ်တွေပေါ်မှာ လွှမ်းမိုးနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပင် ဖြစ်နေပါတော့တယ်ခင်ဗျား။ ဆရာဋ္ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024