ကမ္ဘာ့မွေထိုင်းလက်ဝှေ့ချန်ပီယံ ထိုင်းတက္ကသိုလ်ကျောင်းသူ ဆွဲကြိုးချသတ်သေ

ဓာတ်ပုံ - Bangkok Post
ထိုင်းနိုင်ငံမှ ကမ္ဘာ့မွေထိုင်း အမျိုးသမီးလက်ဝှေ့ချန်ပီယံ တက္ကသိုလ်ကျောင်းသူတဦးဟာ သူ့ရဲ့ နေအိမ်အခန်းတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၂၂ နှစ်အရွယ် ကျောင်းသူ နီတိယာပွန်ဆီရိဆလိုင်ရဲ့ အလောင်းကို မောင်ခရိုင်၊ ရက်ခ်ျဘူရီဒေသတွင်းက သူ့ရဲ့နေအိမ် အခန်းတွင်းမှာ ဒီဇင်ဘာ ၁၇ ရက် ည ၁၁း၃၀ နာရီမှာ တွေ့ရှိခဲ့ရတယ်လို့ မောင်ခရိုင်ရဲစခန်းမှ စခန်းမှူး အဖီချာ့ထ်သဘွန်က ပြောပါတယ်။ နီတိယာပွန်ဟာ နိုင်လွန်ကြိုးကို အသုံးပြုခဲ့ပြီး အခန်းတွင်း တံခါးဘောင်မှာ ဆွဲကြိုးချ သတ်သေခဲ့တာဖြစ်ပြီး အနီးနားတွေ့ရှိရတဲ့ ခုံပေါ်ကတဆင့် တက်ခဲ့ပြီး ခုလို ကြံစည်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ရက်ခ်ျဘူရီဒေသတွင်းက မူဘန်ချွန်ဘူအန်ရာဂျာဘတ်တက္ကသိုလ်က စတုတ္ထနှစ် ကျောင်းသူတဦးဖြစ်ကာ ထင်ရှားတဲ့ မွေထိုင်းလက်ဝှေ့ချန်ပီယံတဦးလည်း ဖြစ်ပါတယ်။ နီတိယာပွန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းက အနီးနားက သူငယ်ချင်းတဦးနဲ့ အရက်အတူ သောက်ခဲ့ပြီးနောက်မှာ အခန်းကို ပြန်သွားခဲ့တာပါ။ နောက်တနေ့မနက်ပိုင်း အဲဒီသူငယ်ချင်းက သူ့ရဲ့အခန်းတံခါးကို ခေါက်ပြီး အတန်းတက်ဖို့ လာခေါ်ခဲ့ချိန်မှာ ဘာတုံ့ပြန်မှုမှ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာ နောက်ထပ်တခေါက် လာခေါ်ခဲ့ချိန်မှာလည်း ဘာတုံ့ပြန်မှုမှ မရခဲ့လို့ အခန်းပိုင်ရှင်ဆီက သော့တောင်းပြီး အခန်းကို ဖွင့်ဝင်ခဲ့ချိန်မှာ သူ့ရဲ့အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ရဲအရာရှိ အဖီချာ့ထ်က ပြောပါတယ်။ သူ့မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတခုခု ရှိနေပုံရပြီး အရက်သောက်ထားလို့လည်း ခုလိုဖြစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အဖီချာ့ထ်က ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ မွေထိုင်း လက်ဝှေ့အဖွဲ့အစည်းက ဥက္ကဋ္ဌဖြစ်တဲ့ ချန်ချိုင်း ယိုမာ ဒစ်ထ်ကတော့ ရိုးရာ မွေထိုင်း မယ်ကမ္ဘာချန်ပီယံ နီတိယာပွန် သေဆုံးမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ နီတိယာပွန်ဟာ မွေထိုင်းအားကစားကို ကလေးဘဝတည်းက လေ့ကျင့်သင်ကြားခဲ့တာဖြစ်ပြီး အမြဲ ပျော်ပျော်ရွှင်ရွှင်နေတာပဲ တွေ့ရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့မိဘတွေ ကွာရှင်းပြတ်စဲခဲ့ပြီးနောက်မှာလည်း အနာဂတ်အတွက် ပိုပြီး ကြိုးစားနေသူတဦးဖြစ်ကာ နေထိုင်စားသောက်မှုနဲ့ ပညာရေးအတွက် လက်ဝှေ့ကစားနေသူ ဖြစ်တယ်လို့ ချန်ချိုင်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up