ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းရှိ တံတားကျိုးနေရာ၌ ယာယီတံတားဖြင့်သွားလာနိုင်
DVB
·
December 19, 2018
ကချင်ပြည်နယ်၊၀ိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းပိုင်းမှာ ကျိုးကျသွားတဲ့ ဘေလီတံတားနားမှာ သံဘောင်တံတားတည်ဆောက်ထားပြီး ၁၃ တန်အောက် မော်တော်ကားတွေ ဖြတ်သန်း သွားလာနိုင်ပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တံတားကျိုးကျပြီး ၄ ရက်အကြာမှာ သံဘောင်တံတားကို ယာယီ အစားထိုးတည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၄ရက်က သံသတ္တုတွေ တင်ဆောင်လာတဲ့ ၁၂ဘီး ကားကြီး ဖြတ်သန်းစဉ်မှာ ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်း၊ တံတားအမှတ် ၄/၃၂ အရှည်(၁၇၀)ပေ သုံးလွှာ နှစ်ထပ် ဘေလီတံတား ကျိုးကျပြီး လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ပါတယ်။
ကချင်ပြည်နယ် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနဲ့ ထိန်မိန်ကုမ္ပဏီတို့ ပူးပေါင်းပြီး ယာယီလမ်းလွှဲပြုလုပ်ကာ H 20 သံဘောင်နဲ့ တံတားတည်ဆောက်ခဲ့တာလို့ ၀န်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။