နေပြည်တော်တွင် ခိုးကူးခွေများ ဖျက်ဆီး
DVB
·
September 7, 2012
နေပြည်တော်ဒေသအတွင်း ဖမ်းဆီးရမိထားတဲ့ ခိုးကူးခွေတွေကို သက်ဆိုင်ရာက နေပြည်တော် ပျဉ်းမနား၊ စည်ပင်ရုံးအနီးရှိ စည်ပင်ရုံးလမ်း ရှမ်းကန်တောင်ဘက် လမ်းပေါ်မှာ ဒီနေ့ မနက် ၁၁ နာရီက ဖျက်ဆီးလိုက်ပါတယ်။
ဖမ်းဆီးရမိထားသော ခိုးကူးခွေဖမ်းဆီးမှု ၇ ခုမှ နိုင်ငံခြား/ မြန်မာ ဗီစီဒီ/ ဒီဗီဒီ ခိုးကူးခွေ၊ ညစ်ညမ်းခွေ ၆၂၀၄ ချပ် တို့ကို ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင် ဗွီဒီယိုအစည်းအရုံးက တာဝန်ရှိသူတွေ ဦးဆောင်ပြီး ဖျက်ဆီးတာဖြစ်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ လာရောက်ကြည့်ရှုပါတယ်။ တရားရုံးရဲ့ ဖျက်ဆီးမိန့် မကျလာသေးလို့ ဖမ်းမိထားတဲ့ ခိုးကူးခွေ/ ညစ်ညမ်းခွေ ၁ သောင်းကျော် ကျန်သေးတယ်လို့ ခရိုင်ဗွီဒီယို အစည်းအရုံးဥက္ကဋ္ဌ ဦးမောင်သောင်းက ပြောပါတယ်။
နေပြည်တော်မှာ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ခိုးကူးခွေနဲ့ ညစ်ညမ်းခွေ အများစုဟာ ကိုယ်တိုင် အခွေကူးသူများနှင့် ဆိုင်ကြီးများတွင် တင်ရောင်းချသူများ မဟုတ်ဘဲ ဈေးကြိုဈေးကြား/ လမ်းကြို လမ်းကြားတွင်သာ လှည့်လည်ရောင်းချသော ခေါင်းရွက်ဗျက်ထိုး အခွေသည်များ ဖြစ်တယ်လို့ နေပြည်တော်က ခိုးကူးခွေရောင်းချသူတဦးက ပြောပါတယ်။
“ဒီလောက် ပမာဏလေးလောက်ကတော့ သူတို့သိထားတဲ့ ခိုးကူးလက်ကြီးသမားတွေ ဒါမှမဟုတ် ဆိုင်ကြီးတွေနဲ့ ရောင်းချသူတွေကို သွားဖမ်းရင်တောင် ဒီလောက်မက ဖမ်းမိနိုင်ပါတယ်။ ခိုးကူးလက်ကြီးသမားတွေ ဆိုရင် ကွန်ပျူတာ ၅ လုံးလောက် ဒါမှမဟုတ် ဂျူ့စ်( အခွေကူးစက်) ၅ လုံးလောက်နဲ့ တပြိုက်နက် ခိုးကူးနေကြတာတွေ မမိတာတော့အံသြစရာပါပဲ” လို့ ပြောပါတယ်။
ခိုးကူးခွေတွေ ကျယ်ပြန့်နေတဲ့ ဂယက်ကြောင့် ထုတ်လုပ်သူနဲ့ အနုပညာရှင်တွေဘက်ကလည်း နစ်နာနေတာ ဖြစ်ပါတယ်။