ရှမ်းပြည်နယ် ၀န်ကြီးဌာန ပြင်ဆင်ဖွဲ့စည်း၊ ၀န်ကြီး ၂ ဦးပြောင်းလဲခန့်အပ်
DVB
·
December 18, 2018

ရှမ်းပြည်နယ် အစိုးအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးအဖြစ် ဦးစိုးညွန့်လွင်နဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ဦးစိုင်းရှဲန်တစ်လုံတို့ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ ကြေညာပါတယ်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ထဲမှာရှိတဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ရှမ်းပြည်နယ် လွှတ်တော်ရဲ့ သဘောတူညီချက်အရ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့လည်း သမ္မတရုံးက သီးခြား ထုတ်ပြန်ထားပါတယ်။
အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်ကို ခန့်အပ်တာဝန်ပေးအပ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဦးစိုင်းပန်းဆိုင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အနိုင်ရ ရွေးကောက်ခံရပြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် သမ္မတက တရားဝင် အတည်ပြုခန့်အပ်လိုက်တာ ဖြစ်ပါတယ်။