ဟောလိဝုဒ် စွန့်စားမှု သိပ္ပံဆန်းကြယ် ပရိသတ်အကြိုက် ရုပ်ရှင် – Bumblebee (နမူနာ)

ဟောလိဝုဒ် စွန့်စားမှု သိပ္ပံဆန်းကြယ် အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Bumblebee ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Travis Knight က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Bumblebee လို့ ပြောလိုက်တာနဲ့ Transformers ရုပ်ရှင်ပရိသတ်တွေ ရင်းနှီးကြပြီး ဖြစ်သလို ဒီကားတွေရဲ့ အဓိကဇာတ်လိုက် ၂ ယောက်ထဲက တယောက်လို့ ပြောရလောက်အောင် Autobot တွေကြားမှာ တမူထူးခြားတဲ့ အရည်အသွေးရှိတဲ့ဇာတ်ကောင် ဖြစ်ပါတယ်။ Transformers ရုပ်ရှင် Series တွေရဲ့ ၆ ကားမြောက်အဖြစ် ထွက်ရှိလာတဲ့ ဒီကားထဲမှာတော့ Bumblebee ကို ဘယ်လိုထူးခြားတဲ့ အထူးပြုလုပ်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင် ပရိသတ်တွေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အမေရိကန် သရုပ်ဆောင်မင်းသမီး Hailee Steinfeld က Bumblebee နဲ့တွေ့ပြီး မိတ်ဆွေဖြစ်သွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး Charlie Watson နေရာက အဓိက ပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Dylan O'Brien, John Cena, Jorge Lendeborg Jr. တို့ကလည်း အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၂ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 7.2 ထိ ရရှိထားပြီး အထူးပြုလုပ်ချက်တွေ၊ သရုပ်ဆောင်မင်းသမီး Hailee Steinfeld ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up