Home
မြန်မာသတင်း
ကလေးမြို့က ရေဘေးသင့် ကျေးရွာ ၆၀ အတွက် ရေတင်စက်များ ထောက်ပံ့
DVB
·
December 17, 2018
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၁၅ ခုနှစ်က  ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ကျေးရွာ ၆၀ မှာ စိုက်ပျိုးရေး ပြန်လည်ထူထောင်ဖို့အတွက်  ရေတင်စက်တွေနဲ့ ဆက်စပ်ပစ္စည်းအစုံ ၆၀ ပေးအပ်ခဲ့ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကနေ စိုက်ပျိုးရေးပြန်လည်ထူထောင်မှုမှာ အသုံးပြုဖို့အတွက် ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့မှုနဲ့ အမေရိကန် ဒေါ်လာ ၁၄၀၀ ဝန်းကျင်ဖိုး စက်တွေ ပေးအပ်ခဲ့တာလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက ပြောပါတယ်။ အဲ့ဒီလို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး တောင်သူတွေ ဝင်ငွေ တိုးတက်မှု ရှိမရှိကိုလည်း ၆ လ တကြိမ် စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက ပြောပါတယ်။ ကလေးမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က သဘာဝရေဘေးသင့်မှုမှာ စစ်ကိုင်းတိုင်းအတွင်း လယ်ယာမြေနဲ့ အခြား ပျက်စီးထိခိုက်မှု အများဆုံးကို ရင်ဆိုင်ခဲ့ရတာပါ။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက “အဓိကအနေနဲ့ လယ်ယာမြေ သုံးရာသီ စိုက်ပျိုးရေးအတွက် ရေရဖို့ ရည်ရွယ်ပြီး ပေးအပ်တာဖြစ်ပါတယ်။ ဒီကျေးရွာ ၆၀ မှာ မိုးရေးကို အားကိုးမနေဘဲ အသီးသီး နီးစပ်ရာ ချောင်းမြောင်းတွေထဲက ရေတွေကို သီးထပ်သီးညှပ်တွေအတွက်ပါ စိုက်ပျိုးရေရဖို့နဲ့ မြေအောက်ရေ အလားအလာရှိတဲ့ နေရာတွေမှာ ရေတွင်းတူးပေးဖိုတွေအထိ ထိထိရောက်ရောက် လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။ လက်ရှိ အင်ဂျင်အလုံး ၆၀ ကို ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ပေးအပ်ခဲ့ပေမယ့် အခြား ရေတင်တာ၊ ရေသွယ်မြောင်းတူးတာနဲ့ စက်ရေးတွင်းတူးဖော်ခြင်းတွေကိုလည်း တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေနဲ့ ပြုလုပ်ပေးနေတာတွေရှိပါတယ်။ ကလေးဒေသမှာ ကျေးရွာပေါင်း ၁၅၇ ရွာရှိတဲ့အနက်က ၂၀၁၅ ခုနှစ်မှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာ ၆၀ ရှိခဲ့ပြီး အဆိုးဝါးဆုံး ရေဘေးသင့်ခဲ့တဲ့ ရွာ ၁၃ ကတော့ နေရာ ပြောင်းရွှေ့ခဲ့ရတဲ့အထိ ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024